ဒီနေ့အတွက် ဝမ်းနည်းစရာ အကောင်းဆုံး မြင်ကွင်းကတော့ လမ်းပေါ်က ညမီးလုံးမှာ အားကြိုးမာန်တက် ဝဲအုံနေတဲ့ ပလူကောင်တွေပဲ ဖြစ်မှာပါ။ပလူတွေဟာ ဘာကြောင့်များ အလင်းကို အဲဒီလောက်ထိ ခုံမင်သလဲ ရှာဖတ်ကြည့်တော့၊ သူတို့တွေက အဲဒီ အလင်းကို သူတို့ရဲ့ လွတ်မြောက်ရာလမ်းအဖြစ် တထစ်ချ ထင်မှတ်ထားကြလို့ပါတဲ့လေ။
အလင်းရောင်ထဲ အတားအဆီးတွေ မရှိဘူးလို့ ယုံထားကြပြီး၊ အလင်းရောင်ကသာ အန္တရာယ်ကြားက ကယ်ပေးနိုင်လိမ့်မယ်လို့ သေချာနေကြတာမို့။ အဲဒါကြောင့် အလင်းကို မြင်တာနဲ့ သူတို့တွေကို လုံခြုံတဲ့ နေရာတစ်ခုစီ ပို့ပေးဖို့ အားကိုးတကြီးပဲ တောင်းဆိုကြတော့တာတဲ့။
လွတ်မြောက်ချင်လွန်းလို့ ပြေးထွက်သွားပေမဲ့ ယိုယိုယွင်းယွင်း မှားနေတဲ့ လမ်းကြောင်းရဲ့ ဆွဲဆောင်မှုထဲ ပိတ်မိသွားပြီး နောက်ပြန်လှည့်ဖို့ ခက်သွားတဲ့ သတ္တဝါတိုင်းရဲ့ ရင်မှာ မောပန်းမှု ဒဏ်ရာတွေ။
ဒီနေ့အတွက် ဝမ်းနည်းစရာ အကောင်းဆုံး ဇာတ်သိမ်းခန်းက ဘာလဲ ဆိုရင်တော့၊ အလင်းရောင်ဟာ ဆန်းပြားတဲ့ ဘယ်အရပ်ကိုမှ ခေါ်ဆောင်မသွားပေးနိုင်မှန်းကိုတောင် မသိလိုက်ရပါဘဲ၊ လွတ်မြောက်အောင် ကြိုးစားရင်းကပဲ ခြေကုန်လက်ပန်းကျပြီး သေဆုံးသွားကြတဲ့ ပလူတွေရဲ့ ကံကြမ္မာ။
အဲဒီလိုနဲ့ပဲ နောင်ဘဝ ကူးသွားကြတဲ့ ပလူတွေဟာ၊
ငါတို့အတွက် တည်မထားတဲ့ ကမ္ဘာ အသီးသီးရဲ့ ဝင်ပေါက်တံခါးကို တီးခေါက်၊ လမ်းဖွင့်ပေးဖို့ ပူဆာနေတဲ့ ငါတို့ဆီ လှမ်းကြည့်ရင်း စုတ်တသတ်သတ်နဲ့ သနားနေခဲ့ကြ။
YOU ARE READING
အဲဒီလူ နားမလည်နိုင်တဲ့ ဘာသာစကား
Poetryဒါဟာ အဲဒီလူအတွက် သီးသန့် တည်ဆောက်ပေးထားပေမဲ့ အဲဒီလူက ဝင်နေထိုင်ဖို့ ငြင်းဆန်ခဲ့တဲ့ အစွန့်ပစ်ခံ ကမ္ဘာငယ်လေးပေါ့ cover by thsmut studio