Chapter 34 (U+Z)

875 64 9
                                    

အခန်း (၃၄)

" ဖဲလ်နီ... ဖဲလ်နီ... ကိုယ် ပြောတာ ကြားရဲ့လားလို့... "

ကောင်းခေတ္တရာက သူ ပြောသမျှကို အာရုံထဲ မရောက်ဘဲ အတွေးများနေပုံရသော ဖဲလ်နီကို မကျေမနပ်နှင့် အသံကျယ်ကျယ် ထပ်၍ မေးလိုက်မိသည် ။
ဖဲလ်နီက ယခုမှ ကြားသွားသည့်ပုံနှင့် အတွေးများပင် ပြတ်တောက်သွားပုံရသည် ။

" ဘာ... ဘာပြောလိုက်တာလဲ ကောင်း... "

" ကိုယ်တို့ လက်ထပ်ဖို့ ကိစ္စလေကွာ... ကိုယ်တို့ အဲ့ကိစ္စ ဆွေးနွေးဖို့ ဒီနေ့ တွေ့ကြတာလေ.... "

" အင်း... တို့ သိပါတယ်... "

ဖဲလ်နီအသံက ပြန်လည်၍ တိုးဝင်သွားပြီး ငြိမ်သက်သွားသည် ။
ဖဲလ်နီက သူ့အရှေ့က ကော်ဖီခွက်ကိုသာ တွေတွေလေး ငေးစိုက်လျက် ကြည့်နေသည် ။
ကောင်းခေတ္တရာက ဖဲလ်နီ၏ ပုံစံကို ကြည့်ပြီး စိတ်ထဲ ဘဝင်မကျ ဖြစ်လာရသည် ။
ဖဲလ်နီပုံစံက အရင်ကလို မဟုတ်... ။ မတက်မကြွနှင့် စိတ်တွေ ပျံ့လွင့်နေပုံရသည် ။

" ဖဲလ်နီ... ဘာတွေ ဖြစ်နေတာလဲ... ကိုယ်ပြောတာတွေကော ခေါင်းထဲ ရောက်ရဲ့လား... ဟင်... "

" အင်း... ရောက်ပါတယ် ကောင်း... "

ဖဲလ်နီ ပါးစပ်ကသာ ပြောနေသော်လည်း စိတ်ထဲကတော့ အခြင်းအရာတစ်ခုကို တုန်လှုပ်ခြောက်ခြားနေသော ခံစားချက်ကို ခံစားနေရသည် ။
သူ ထိုကိစ္စကို ဘယ်သို့ဘယ်ပုံ ကိုင်တွယ်ရမည်မှန်းလည်း မသိလေတော့ ။

" ရောက်တယ်ဆိုရင် ကိုယ်တို့ လက်ထပ်ဖို့ကို ဖဲလ်နီ ဘယ်လို သဘောရလဲ... "

" အဲ... အဲ့တာက... "

ဖဲလ်နီ ပြောနေရင်းတန်းလန်း နှင့် ပြန်လည်ရပ်တန့်သွားပြီး ငြိမ်သက်သွားပြန်သည် ။
ကောင်းခေတ္တရာက စိတ် သိပ်ပြီး မရှည်ချင်တော့ပေ ။
ဖဲလ်နီက သူနှင့် လက်ထပ်ဖို့ကို စိတ်မဝင်စားဘူးလား ။
သူ့ကို ဒီအတိုင်း ကစားဖို့သက်သက် စားချင်လို့ ချစ်တယ်ဆိုပြီး ဟန်ဆောင်နေတာလား ။
ကောင်းခေတ္တရာ တွေးရင်း ရင်တွေပူလာသည် ။

" ဖဲလ်နီ... ဘာဖြစ်နေတာလဲ... ကိုယ့်ကို အဲ့လိုပဲ အေးတိအေးစက် လုပ်နေတော့မှာလား... "

The Little OmegaWhere stories live. Discover now