Chapter 46
ရှန်းလျိုရှန့် လန့်သွားခဲ့သည်။ သူ၏ မျက်တောင်ရှည်များက လေထဲတွင် တဖျတ်ဖျတ်လွင့်နေပြီး သူ့ပါးစပ်ကိုအုပ်ထားသည့်လက်ကို အနည်းငယ်ဖွင့်လိုက်သည်။
" နေဦး မဟုတ်တာတွေ လျှောက်ပြောမနေနဲ့... မင်းကြားထားတဲ့ ကောလဟာလတွေက ငါကြားထားတာနဲ့ မတူဘူးထင်တယ်..."
ရှန်းလျိုရှန့်က ပြောလိုက်သည်။
ကျိုးရွှမ်လန်၏ မျက်ဆံများ နက်မှောင်သွားပြီး ရှန်းလျိုရှန့်၏နားနားကို ကပ်ပြောလိုက်သည်။
" အဲ့လိုလား..."
ထို့နောက် သူက အသံတိုးတိုးဖြင့် ဆက်ပြောသည်။
" ကျွန်တော် ကြားထားတာကတော့ အရိုးသန့်စင်ရေပူစမ်းမှာ ရှစ်စွမ်းက ကျွန်တော်နဲ့ အတူနေမိလို့ သေလုမျောပါးဖြစ်ပြီး သတိလစ်သွားတာတဲ့..."" ရှစ်စွမ်းကရော အဲ့လိုမဟုတ်ဘဲ တခြားတစ်ခုခု ကြားထားတာလား..."
ရှန်းလျိုရှန့်၏ နားရွက်နားကို နွေးထွေးသော ဝင်သက်ထွက်သက်ဖြင့် ပွတ်တိုက်လိုက်၍ သူ၏ ဖြူဖွေးသောနှားရွက်ဖျားလေးများ ရဲတွတ်လာသည်။
အသက်ရှုသံကြောင့်လား နောက်ပြောင်ခံလိုက်ရလို့ ပူထူသွားတာများလား...
" အဲဒါဆို မင်းဘာလို့ ဝန်ခံလိုက်တာလဲ... အဲဒါ အခြေအမြစ်မရှိတဲ့ ကောလဟာလတွေဆိုတာ ရှင်းနေတာပဲကို..."
ရှန်းလျိုရှန့်၏ နားရွက်က ပူနွေးလာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အပူစီးကြောင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့နောက်မှလူနှင့် ဝေးသည့်နေရာကို ပြေးထွက်သွားချင်သော်လည်း သူ့ခါးကိုဖက်ထားသောလက်များက ပိုမိုတင်းကြပ်လာသည်။
" ကျွန်တော် ရှင်းပြပြီးပြီပဲလေ... အဲဒါအမှန်ပဲကို..."
ကျိုးရွှမ်လန်က ခေါင်းမာနေသည်။ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်ပြီး ဒေါသထွက်မိလုဆဲဆဲ ဖြစ်လာသော်လည်း ရှစ်စွမ်းတစ်ယောက်ဟူသော သူ့နေရာကို ပြန်တွေးမိ၍ စိတ်ထိန်းထားလိုက်သည်။ သို့ရာတွင် အသံကူးပြောင်းမှုတစ်ခုကို သူ လက်ခံရရှိလိုက်သည်။