P-7

687 32 1
                                    

ချစ်ကြိုးရှုပ်
Part - 7

သျှင်မင်း အခန်းထဲ စောရောက်နေကာ ဒီနေ့ နှင်းရည် ဆေးရုံမှဆင်းကာ ကျောင်းပြန်တက်တော့မည်မို့ မျှော်နေမိသည်။ ကိုကို သွားကြိုခဲ့မှာ ဖြစ်သလို သျှင်မင်းဆီ မလာတော့ဟု ဖုန်းဆက်သဖြင့် မစောင့်တော့ပဲ ကျောင်းသာ တန်းထွက်လာခဲ့သည်။

" သျှင်မင်း စောင့်နေတာ ကြာပြီလား။"

အသံနဲ့အတူ အခန်းထဲသို့ ကိုကို နှင့် ဝင်လာကြသည်မို့ သျှင်မင်း ပြုံးပြလိုက်မိသည်။ နှင်းရည် နဖူးကို ကြည့်မိတော့ အမာရွတ်သေးသေးလေးက အခန့်သားရှိနေ၏။ အားနာသလို မျက်နှာလဲ ပူမိတာ အမှန်ပင်။ ဘယ်မိန်းကလေးမဆို ကိုယ့်မျက်နှာလေးကို ပြစ်မျိုးမှဲ့မထင် လှချင်ကြတာ သဘာဝ မဟုတ်လား။ အခုတော့ သျှင်မင်း၏ အမှားကြောင့် နှင်းရည် ထိခိုက်သွားရတာ အားနာမဆုံးပင်။

" သျှင်မင်း ငါ ဒီနေ့ စောစောပြန်မှာသိလား။ ကင်းက မုန့်လိုက်ကျွေးမယ်တဲ့...နော် ကင်း "

သျှင်မင်း ကိုကို့ ကို လှမ်းကြည့်မိတော့ ခေါင်းညိတ်ပြသည်မို့ ရင်ထဲ ထိခိုက်သွားရသည်။

" သျှင်မင်း လဲ လိုက်ခဲ့လေ....ကိုကို နေ့လည်လာခေါ်မယ်။ "

သူစိမ်းဆန်သလို ခံစားချက်ကြောင့် သျှင်မင်း ဟန်ဆောင်ပြုံးကာ ခေါင်းကို ခါယမ်းလိုက်မိသည်။ စိတ်ထဲတွင် ကိုကို နဲ့ နှင်းရည်က ရင်းနှီးလွန်းနေသလောက် သျှင်မင်းကျ ဝေးကွာစိမ်းသက်နေသလိုပင်။ ကိုယ့်ကိုကိုယ် သူတို့ကြား ကြားလူ ဖြစ်နေသလို ခံစားနေရသည်။

" သျှင်မင်း မလိုက်တော့ပါဘူး။ "

" မရဘူး.,...လိုက်ခဲ့ရမယ်။ "

သျှင်မင်းထိုင်နေသည့်အနား လျှောက်လာရင်း ခပ်မာမာ ဖိဟောက်သံကြောင့် မော့ကြည့်မိတော့ ခပ်စူးစူး စိုက်ကြည့်နေပုံက ဒေါသရိပ်တွေ သမ်းနေသယောင်ပင်။ နှင်းရည် ဆေးရုံတက်သည့်အချိန်ကစပြီး ကိုကို နဲ့ နှင်းရည်ဟာ နီးကပ်လွန်းနေသလို ခံစားလာရသည်။

မိဘဆွေမျိုးမရှိသည့် တစ်ကောင်ကြွက် မို့ ဆေးရုံစောင့်တော့လဲ ကိုကိုပဲ ဖြစ်ခဲ့သည်။ သျှင်မင်း စောင့်ပေးချင်ပေမယ့် ကိုကိုက လက်မခံ။ စာမေးပွဲ အရမ်းနီးနေပြီပြောကာ အိမ်မှာပဲ နေစေသည်။ တစ်ခါတစ်လေ ဆေးရုံလိုက်သွားရင်း သူနာပြုအချို့က နှင်းရည်နဲ့ ကိုကို့ကို ချစ်သူတွေ ထင်နေကြကာ နှင်းရည်ကလဲ သဘောကျပုံရသည်။ ကိုကိုက မသိပေမယ့် ထိုအခါမျိုးတွင် သျှင်မင်း ရူးမတတ် ခံစားနာကြင်ရသည်။

ချစ်ကြိုးရှုပ် ( Complete) Where stories live. Discover now