Part 3

1.4K 109 5
                                    

"Rarh Cu " ဆိုသည့်စာတန်းလုံးအကြီးကြီးမှာ မြင့်မားလှသောအဆောက်အအုံကြီးပေါ်တွင်ထည်ဝါစွာတည်ရှိနေသည်။လမ်းမထက်တွင် မကုန်မခမ်းနိုင်သော ယာဉ်များမှာတစ်ဝီဝီသွားလာနေကြသည်။ထိုအထဲမှ အနက်မကျတကျအရောင်ရှိသည့်ကားတစ်စီးမှာ "Rarh Cu company" ရှေ့တွင်ထိုးရပ်သွားသည်။

မောင်းသူဘက်မှထွက်လာသော ခပ်လတ်ပိုင်းလူရွယ်တစ်ဉီးသည် ကားနောက်ခန်းတံခါးကိုဖွင့်‌၍ တံခါးထဲသို့ဉီးညွှတ်ပြု နေလေသည်။ company ရှေ့မှ တာဝန်ကျနေသော လုံခြုံရေးနှစ်ဉီးသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ အထိတ်တလန့်ဖြစ်နေကြသည်။

ကားနောက်ခန်းမှထွက်လာသော သူကိုမြင်တွေ့ရချိန်တော့ အစောင့်နှစ်ယောက်လုံးခေါင်းကိုငုံ့သာချပစ်လိုက်သည်။မချလို့မရ။ကားထဲကလူက သူတို့အတွက်တကယ့်ကိုအဆိပ်ပြင်းသည်။

ကားထဲကထွက်လာသောအမျိုးသမီး၏အသက်အရွယ်မှာအနည်းငယ်ကြီးပြီဖြစ်သော်လည်း ဝတ်ဆင်ပုံ၊ပြင်ဆင်ပုံတို့မှာခေတ်ရေစီးကြောင်းနှင့်တန်းတူပင်။သွက်လက်ကာ ထက်မြက်သည့်ထဲလဲပါဝင်သည်။

ပိုက်ဆံအိတ်ကိုကိုင်၍ မည်သူ့ကိုမှ အဖက်မလုပ်သည့်မျက်နှာထား၊ကျော့ကျော့မော့မော့ဖြင့် company ထဲကိုဝင်လာသည်။ထိုအမျိုးသမီးဝင်လာတော့ company ထဲမှအပ်ကျသံပင်မကြားရတော့။အားလုံးက ထိတ်ထိတ်လန့်လန့်ဖြစ်နေကြသည်။

ဒေါ်နုနုသက် ထိုဝန်ထမ်းတေွ ကိုကြည့်၍မဲ့ပြုံးပြုံးကာ ဓာတ်လှေကားဆီသာဉီးတည်ခဲ့သည်။

"ဘုရား ဘုရား ငါ့မှာအသက်တောင်မရှုရဲဘူး"

ဒေါ်နုနုသက် ‌ဓာတ်လှေကားထဲဝင်သွားတော့မှဝန်ထမ်းများအားလုံးမှာ ကျွတ်စိကျွတ်စိထွက်လာကြတော့သည်။ယူနီဖောင်းဝတ်စုံဝတ်ဆင်ထားသည့် မိန်းခလေးတစ်စုမှာ တစ်ယောက်နဲ့တစ်ယောက်စကား,စကြတော့သည်။

"အေးဆို သူလာပြီဆို အမှောင်ကျသွားတဲ့အတိုင်းပဲ"

"ငါတော့ဟယ်...သူ့ကိုဆိုကြည့်မရဘူး။ကိုယ့်သူဌေးရဲ့အ‌ဒေါ်ဖြစ်ပေမဲ့ ဘယ်လိုပြောရမလဲဟာ အဆင်ပြေမနေဘူး"

"ငါကြားထားတာကတော့ သူဌေးနဲ့‌ဒေါ်နုနုသက်တို့ဆက်ဆံရေးကလဲအဆင်မပြေဘူးတဲ့။လွန်ခဲ့တဲ့ ၅နှစ်ကသူဌေးရဲ့မိဘတွေ ဆုံးပြီးကတည်းကဆိုပဲ"

Love Behind The Complexity Where stories live. Discover now