Chapter 17 လိုက်လံစုံစမ်းခြင်း(၁)

280 70 9
                                    


လိုက်လံစုံစမ်းခြင်း(၁)

ထိုပယောဂဆရာလေးသည် အလွန်ရှက်သွားပြီး နဂို လုပ်ငန်းစဉ်အရ ထောင့်ကပ်နေသည့်လူ၏ မျက်နှာကို ကြည့်ချင်သော်လည်း ထက်ရှလွန်းသည် ဓားကဲ့သို့ အေးစက်လှသည့် ကျင့်ရှန်၏အကြည့်ကြောင့် တုန်ယီစွာနှင့် တံတွေးမြိုချလိုက်ပြီး ပါးစပ်ထပ်မဖွင့်ရဲတော့ချေ။

ဘာကိုကြောက်နေမှန်း သူလည်းမသိ ,မျက်စိရှေ့မှလူက အလွန်ကြောက်စရာကောင်းသည်ကိုသာ ခံစားရသည်။သက်ရှိမှန်သမျှဟူသည် တိုးလျှင်တိုးသာ ,မတိုးလျှင်ဆုတ်သာ ဟူသော စကားအတိုင်း သူလည်းနောက်သို့ ခြေတစ်လှမ်းဆုတ်၍ အအထစ်ထစ်နှင့် ဆိုရှာလေ၏။
"ကျွန် , ကျွန်တော် သွားပါတော့မယ်........"

ပယောဂဆရာလေးသည် အလျင်လိုစွာဖြင့် ပြန်ထွက်သွားပြီးနောက် တံခါးကိုပင် သေချာလေး ပြန်ပိတ်ထားပေးခဲ့သေးသည်။

ကော်ရိုက်တာတစ်လျှောက်မှ မီးများအလွန် လင်းထိန်နေ၏။ထိုပယောဂဆရာလေးသည် သုံးလေးလှမ်း လျှောက်သွားပြီးနောက် အခုမှ လူ့လောကထဲ ပြန်ရောက်လာသလို ဖြည်းဖြည်းပြန်အာရုံရလာခဲ့သည်။

..........စောနတုန်းက အခြေအနေက မဟုတ်သေးသလိုပဲရော။

ထိုပယောဂဆရာလေးသည် ချက်ချင်း ခေါင်းပြန်လှည့်လာပြန်၏။

အဲ့လိုမပြောပြတတ်တဲ့ ကျောချမ်းစရာခံစားချက်ကြီးက သေချာပေါက် တစ်ခုခုပဲ! !

သူသည် မန္တန်တစ်ရွက်အား ယူထုတ်၍ ပြန်သွားလိုက်ပြီး ထိုတံခါးအား ကန်ဖွင့်ပစ်လိုက်သည်။ထိုသတ္တုတံခါးကြီးက ကျီကနဲ မည်၍ အလင်းများတစ်ဖန် ဝင်ရောက်သွားပြန်၏။သို့သော် လူမရှိတော့။သူသည် ချက်ချင်း သံကုန်မြင့်၍ အော်ပစ်လိုက်တော့သည်။
"ဒီမှာကိစ္စတစ်ခုရှိတယ်!"

တစ်ချိန်တည်းမှာပင်။

လုရင်ကျုံသည် ခေါင်း၌ ကျင့်ရှန်၏ တီရှပ် အမဲရောင်ကိုခြုံထား၍ မျက်လုံးတစ်စုံကိုသာ ဖော်ထားသည်။သူ့ရှေ့တွင်ကား ကြောက်လွန်း၍ တဆတ်ဆတ် တုန်ယီနေသည့် ကောင်လေးတစ်သိုက်။

ဤသည်က နှစ်လွှာ၏ ပထမဆုံးသော Private Room ဖြစ်ပြီး မကြာသေးခင်က စစ်ဆေးပြီးသွားလေပြီ။ထိုပယောဂဆရာများ လောလောဆယ် ပြန်လာမစစ်လောက်သေးပေ။အခန်းထဲတွင်တော့ ဤလူများသာ ကျန်ရစ်လေ၏။

After Marrying the Lord of the Underworld [Myanmar Translation]Where stories live. Discover now