မျက်လုံးတို့ဟာ ပကတိရိုးသား၏ ။
လိမ်ညာလို့်မရသည့် မျက်ဝန်းတို့ရဲ့ အဖြေဟာ တောင်းစရာမလိုပါဘဲ အဖြေကိုခန့်မှန်းလို့ရနိုင်၏ ။လမ်းတစ်လျှောက်လုံး ငြိမ်သက်နေသည်ကြောင့် နေရထိုင်ရသည်ကတော့ မသက်သာလှပေ ။ ညှိုးနွမ်းနေသည့် မျက်နှာလေးကလဲ စိတ်ကို ထပ်တူညှိုးနွမ်းစေသည် ။ စကားပြောချင်ပါသော်လည်း အကြည့်တစ်ချက်တောင် မရခဲ့သည့်အတွက် ထပ်တူငြိမ်သက်နေမိသည် ။
" တိမ်လွှာ .. ကျောင်းရောက်နေပြီလေ "
အခုမှ အသိရှိလာသည့် လူတစ်ယောက်လို ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း ကားပေါ်မှ ဆင်းဟန်ပြင်နေသည် ။
ရုတ်တရက် လက်ကောက်ဝတ်ကို အဆွဲခံလိုက်ရသည်ကြောင့် ပြုလုပ်နေသမျှတို့ ရပ်တန့်သွားရသည် ။
" မနက်ကတည်းက ဘာဖြစ်နေတာလဲ ။ အစ်မကို စကားတစ်လုံးမပြောနဲ့ ကြည့်တောင်မကြည့်ခဲ့ဘူး ။ တိမ်လွှာ ဘာဖြစ်နေတာလဲ "
" ကျွန်တော် ဘာမှမဖြစ်ပါဘူး "
" ညာနေတာ ။ တစ်ခုခုဖြစ်နေတယ် မဟုတ်လား ။ အစ်မကို အမှန်တိုင်းပြော "
" ကျွန်တော် အဆင်ပြေတာမို့လို့ ထပ်ပြီး မမေးပါနဲ့တော့လား ။ "
" မဟုတ်သေးဘူးလေကွာ .. တိမ်လွှာကပြောပြမှ အစ်မက ဘာလုပ်ရမလဲဆိုတာသိမှာပေါ့ "
" ကျွန်တော်တောင်းပန်ပါတယ် ။ ကျွန်တော့်ကို ဒီအတိုင်း လွှတ်ထားပေးလို့မရဘူးလား ။ "
"တိမ်လွှာ.."
" အစ်မ ကျွန်တော်တောင်းဆိုနေတာ ။ ကျေးဇူးပြုပြီး ..."
" ဟုတ်ပြီ .. အစ်မက အလျှော့ပေးမှာမို့လို့ ... တိမ်လွှာ စိတ်အဆင်ပြေသွားရင် ဖုန်းဆက်ပေးနော် ။ အစ်မစောင့်နေမယ် "
ကိုယ့်အတွေးနဲ့ ကိုယ်တစ်ယောက်တည်း နေတတ်တဲ့ အချိန်တွေ များလာခဲ့၍လား ၊ တစ်ခုခုစိတ်ရှုပ်စရာရှိတာနဲ့ လူအများကြားကနေ ရှောင်ထွက်တတ်တာဟာ အကျင့်တစ်ခုလို ဖြစ်နေခဲ့သည် ။
နာကျင်သွားသည့် ခံစားချက်တို့ကို အစ်မရဲ့မျက်ဝန်းတို့တွင် မြင်တွေ့လိုက်ရသည် ။ အစ်မရှေ့ကနေ တမင်ရှောင်ထွက်ခဲ့ပေမဲ့ နာကျင်နေသည့် နှလုံးသားလေးကတော့ အစ်မနှင့်ထပ်တူပင် ရှောင်မထွက်နိုင်ခဲ့ချေ ။