Part . 13

72 10 0
                                    

ခပ်နွေးနွေးနေရောင်ခြည်နှင့်အတူ ပတ်ဝန်းကျင်မှ သဘာဝအသံတို့ဟာ အသိစိတ်ထဲသို့ ခပ်မှန်မှန်စိမ့်ဝင်လာလေသည် ။ ဖွင့်ဟလာသည့် မျက်လုံးတို့နှင့်အတူ နိုးထလာသည့် အသိစိတ်တို့ဟာ အသက်မဲ့နေသလိုပင် ။

ကိုယ့်အတွက်ဖြစ်တည်မလာတဲ့ အရာတွေအတွက် နာကျင်လွန်း၍ အသက်ရှူကြပ်မတက် ငိုခဲ့ရသည့် ဆောင်းညတို့ကို မုန်းသည် ။ ပွေ့ဖက်စရာ တစ်စုံတစ်ယောက်မှ ရှိမနေသည့် အေးချမ်းသည့် ဆောင်းညတွေဟာ သိပ်အထီးကျန်လှသည် ။

အိပ်ယာထက်မှ ထရန်ပြင်ချိန် တစ်ညလုံးငိုထားခဲ့သည့် အရှိန်ကြောင့် ထိုးကိုက်လာသည့် ခေါင်းကိုအသာဖိကာ ပြတင်းပေါက်ဆီသို့ လျှောက်လာလိုက်သည် ။ ကိုယ်စီလှုပ်ရှားသွားလာနေကြသည့် လူအများကို အားကျမိသည် ။ နေ့ရက်တိုင်းကို ဘဝအတွက် ၊ မိသားစုအတွက် ဦးတည်ချက်များနှင့် ဖြတ်သန်းနေကြသည် ။

ကျွန်တော့်ရဲ့ ဦးတည်ချက်ကရော ဘယ်အရာများလဲ ။ ကျောင်းဖွင့်ချိန် ကျောင်းသွား ၊ ကျောင်းပြန်သာရှိပြီး ကျောင်းပိတ်ရက်များတွင် အိမ်ထဲမှာသာ တစ်နေကုန်နေတတ်သည့် ကျွန်တော်ရဲ့ နေ့စဉ်ဘဝတို့ဟာ သာမန်ဖြစ်စဉ်အတိုင်းပါဘိလား ။

" မေ "

အခန်းထဲမှ ထွက်လာတော့ ဆိုဖာတွင်ထိုင်နေသည့် မေ့ကို တွေ့လိုက်ရသည် ။

" ဘယ်ချိန်ကတည်းက ရောက်နေတာလဲ "

မေ့ဘေးမှာဝင်ထိုင်လိုက်ချိန် သောက်လက်စ စီးကရက်ကို ပြာခွက်ထဲသို့ ထိုးချလိုက်သည် ။ ဒါဟာလဲ မေ့အကျင့်သာ ဖြစ်သည် ။
မေသည် ကျွန်တော်အနားမှာ ရှိနေချိန်ဆို ဘယ်တော့မှ စီးကရက်ကိုမသောက်ပေ။   သောက်နေချိန် အနားရောက်လာရင်တောင် အခုလို ချက်ချင်း ငြိမ်းသတ်ပစ်သည် ။

" နေမကောင်းဘူးလား "

" ပျောက်သွားပါပြီ "

မေ့ရဲ့မျက်ခုံးတို့ဟာ စတင်စုကြုံ့လာသည် ။ မေအလိုမကျတော့ဟန်ရသည် ။

" ကျွန်တော်က နေမကောင်းခဏခဏ ဖြစ်တတ်တယ်လေ ။ ဖြစ်လိုက် ၊ပျောက်လိုက် ဆိုတော့ မေ့ကိုမပြောတော့တာပါ "

A Desire(ဆန္ဒတစ်ခု)Wo Geschichten leben. Entdecke jetzt