" မမ .. ကျွန်တော်တို့ ရုပ်ရှင်ကြည့်ကြမလား ။ အော် မေ့လို့ မမက ရုပ်ရှင်ကြည့်ရတာ မကြိုက်ဘူးကို "မမနဲ့အတူ အပြင်ထွက်ရင်း ရုပ်ရှင်ရုံရှေ့ကအဖြတ် မမနဲ့အတူ ရုပ်ရှင်ကြည့်ချင်မိ၍ တောင်းဆိုလိုက်ပြီးမှ မမ မကြိုက်မှန်း သတိရမိသည် ။
" မိုးရိပ်ကြည့်ချင်ရင် ကြည့်လေ .. မမ အတူလိုက်ကြည့်ပေးမယ် "
" ဒါဆို ကျွန်တော် လက်မှတ်သွားဖြတ်လိုက်မယ် ။ မမ ဒီမှာ ခဏလေးစောင့်နော် "
စားမေးပွဲပြီး၍ ကျောင်းပိတ်ရက်တွင် အပြင်ထွက်လျှောက်သွားချင်သည်ဟု ပူဆာလာသည့် မိုးရိပ်ကြောင့် အိမ်ထဲတွင် နေရသည်မှာလဲ မွန်းကြပ်လာသည်နှင့် လက်ခံပေးလိုက်သည် ။
လမ်းတွေလျှောက်နေသော်လည်း စိတ်မပါလှပေ ။
တစ်ချက်ချက် ပတ်ဝန်းကျင်ကို မေ့လျော့မိသည်အထိ သတိလက်လွတ်ဖြစ်မိသည် ။မိုးရိပ်စကားကို နားထောင်သည်မဟုတ်သော်လည်း ထိုနေရာမှာသာ ရပ်မြဲရပ်နေမိသည် ။ အရှေ့အနောက် လူအများသွားလာနေကြသော်လည်း မလှုပ်မယှက်ရပ်နေမိသည် ။ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းများ ပျောက်ဆုံးနေပြီလား ။
လွင့်မြောနေသည့် စိတ်အာရုံတို့သည် တစ်စုံတစ်ယောက် ဝင်တိုက်လာသည့်အချိန်မှသာ ပြန်လည်စုစည်းမိတော့သည် ။" တောင်ပန်ပါတယ် "
အရမ်းရင်းနှီးခဲ့သည့် အသံလေးဖြစ်သလို အကြိမ်ကြိမ် ကြားယောင်နေမိသည့် အသံလေး ။
သိပ်ကို မုန်းပစ်ချင်နေသည့် မျက်လုံးဝိုင်းဝိုင်းလေးတို့ဟာလဲ အံ့ဩနေသယောင် ။
တစ်ခါလောက်ထပ်မြင်ချင်မိသည့် ထိုမျက်လုံးဝိုင်းဝိုင်းလေးများကြောင့် စိတ်ဆန္ဒများပြည့်ဝသွားသယောင် ။
တကယ်ကို အမှတ်မရှိသည့် လူသားဘဲ ။" အစ်မ "
မဝံ့မရဲခေါ်သံလေးဟာ ရင်တစ်ခုလုံးကို လှုပ်ခတ်သွားစေသည် ။ တားနေသည့်ကြားက လွတ်ထွက်သွားသည့် ရင်ခုန်သံတို့ကို မုန်းသည် ။
"မမ!"
ခေါ်သံနှင့်အတူ အနားသို့ ရောက်လာသည့် မိုးရိပ်ကြောင့် ပြောထွက်တော့မည်စကားလုံးတို့ဟာ ရပ်တန့်သွားရသည် ။ အကြည့်လွှဲသွားသည့် မျက်လုံးဝိုင်းဝိုင်းလေးတို့ကြောင့် အလိုမကျမှုတို့ဟာ စိုးမိုးလာခဲ့ပြန်သည် ။