တီ!......
တီ!.....ညကတည်းက ဂနာမငြိမ်နေသည့် စိတ်တို့ကြောင့် နံနက်စောစော ချစ်ရသာသူ၏ အိမ်ရှေ့သို့ ရောက်လာရသည် ။ အဆင်မှပြေရဲ့လားဆိုသည့် စိတ်တို့ကြောင့် လူခေါ်ဘဲလ်ကို တီးကာ စိတ်လှုပ်ရှားနေမိသည် ။
လှုပ်ရှားလာသည့် တံခါး၏ နောက်ကွယ်မှ ထွက်ပေါ်လာသည့် မျက်နှာလေးဟာ မျှော်မှန်းထားသလိုတော့ မဟုတ်ချေ ။တိမ်လွှာ့တိုက်ခန်းဆိုသည်က မှန်နေသော်လည်း တံခါးဝမှာ ရပ်နေသည့် အမျိုးသမီး တစ်ဦးကြောင့် အတွေးများသည် ရစ်ပတ်စွာနှင့် ။
" ဒါ တိမ်လွှာ့တိုက်ခန်း မဟုတ်ဘူးလား "
" ဟုတ်တယ်... ဒါတိမ်လွှာ့တိုက်ခန်း "
ခပ်ပြတ်ပြတ် အသံ၏အောက်တွင် ဦးတည်ရာတွေ ပျောက်ရှသလို ခေါင်းထဲချာချာ လည်မိသည် ။ အခြေအနေတွေကို မခန့်မှန်းတတ်သလို ဖြစ်ပေါ်လာသည့် အတွေးတို့ဟာလဲ ဆိုးဝါးစွာပင် ။
" ရှင်ကဘယ်သူလဲ ။ တိမ်လွှာမရှိဘူးလား "
" ရှိတယ်လေ ... အိပ်ခန်းထဲမှာ "
ထပ်မံ ကြားလိုက်ရသည့်စကားကြောင့် ဖြစ်ပေါ်လာသည့် ခံစားချက်တို့သည် မခံမရပ်နိုင်အောင်ပင် ။ အခြေအနေတွေဟာ ဘယ်ကိုဦးတည်နေမှန်း သိနေသည့်တိုင် လက်မခံချင်လောက်အောင်ပင် ။
" မေ.. ဘယ်သူလာလို့လဲ "
ထိုအမျိုးသမီး၏ အနောက်မှ ထွက်ပေါ်လာသည့် ချစ်ရသူ၏ အသံသည် ရင်တစ်ခုလုံးကို မီးစနှင့်မြှိုက်လိုက်သယောင် ။
အံ့အားသင့်စွာ မျက်လုံဝိုင်းဝိုင်းလေးများကြောင့် ဒီအခြေအနေကို မည်သို့ခေါင်းစဉ်တပ်ရမည်နည်း ။
သစ္စာဖောက်တယ်လို့လဲ ခေါင်းစဉ်တပ်မရချေ ။ ချစ်တယ်လို့ အဖြေပြန်မပေးထားသည့်တိုင် တစ်ဖက်တည်းကဘဲ လိုက်ကပ်တွယ် နေခဲ့သည်မဟုတ်လား ။" အစ်မ .."
နာကျင်စွာကြည့်နေသည့် အစ်မရဲ့မျက်ဝန်းများကြောင့် အပြစ်ရှိနေသည့် စိတ်တို့ဟာ အစ်မရဲ့နာကျင်မှုကို သက်သာစေမည်လား ။ အစ်မသိပ်ကိုနာကျင်နေကြောင်း မျက်ဝန်းများက ဖော်ပြနေသည် ။
မျက်ရည်တွေမကျမိအောင် အတင်းထိန်းထားနေသည်အထိ အစ်မဟာ သိပ်ကိုနာကျင်နေရသည် ။