ညသန်းခေါင်လောက်မှာ အသက်ရှုသံမမှန်တဲ့ရှောင်းကျန့်ကြောင့် မှေးကနဲအိပ်ပျော်ရာမှ ရိပေါ်နိုးလာတယ်။
"သခင်လေး...."
"အသက်ရှုကျပ်တယ်။"
အသက်ရှုရာမှာ တရွှီရွှီမြည်ပြီးရင်ဘက်ကတော်တော်လေး ချိုင့်လာတယ်။
ရိပေါ်ကမြန်မြန်ပဲ ဆေးရွက်တစ်ချို့ခူးပြီးရေနွေးတည်ကာ ရှောင်းကျန့်ကို တိုက်စေတယ်။"သခင်လေး။"
ရိပေါ်မျက်ရည်တွေစီးကျလာပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတယ်။ ဆေးသောက်ပြီးနံရံမှာကျုံ့ကျုံ့လေးထိုင်နေတဲ့ သခင်လေးရဲ့ပုံစံကရိပေါ်အသဲတွေကိုကြေမွဖို့လုံလောက်တယ်။
"ဒီမှာဆက်နေလို့မဖြစ်ဘူး။ ကြာလာရင်သခင်လေးဒုက္ခရောက်မယ်။"
"ဒါဆိုပြန်သွားမှာလား။ ဒီတိုင်းသွားသေလိုက်ကြတာပေါ့။ ရောဂါခံစားနေတာထက်စာရင်...အဟွက် ဟွက်..."
"စကားမပြောပါနဲ့နော်။ ကျွန်တော် စုန့်နိုင်ငံမှာ နေလို့ရအောင်ကြိုးစားမယ်။ ကျွန်တော်တို့အဲ့ကလာတာဆိုတော့ လွယ်လောက်မှာပါ။ "
"မင်းတို့တောင် အဆင်မပြေလို့ ငါတို့တိုင်းပြည်မှာ အစေခံလာလုပ်တာမဟုတ်လား။ "
"ကျွန်တော်သခင်လေးအတွက် ဘာမဆိုဖြစ်အောင်လုပ်မယ်။"
ရှောင်းကျန့်ကသက်ပြင်းလေးချကာ မျက်လုံးလေးမှိတ်ပြီး အိပ်ယာပေါ်လှဲလိုက်တော့ မီးအပူပေးထားတဲ့အရွက်လေးတွေကိုရင်ဘက်မှာကပ်ပေးတယ်။ အဲ့လိုနဲ့ရိပေါ် တစ်နာရီနီးပါးစောင့်ကြည့်ပြီး ရှောင်းကျန့်ကကောင်းကောင်းအိပ်ပျော်သွားတယ်။
"ဘုရားကိုကျေးဇူးတင်ပါတယ်။"
ရိပေါ်ရဲ့အဖေက လယ်သမားတစ်ယောက်ဖြစ်တယ်။ သူကအမြဲမူးပြီး မိန်းမကိုရိုက်တယ်။ ကြာလာတော့ သူ့အမေလည်းသည်းမခံနိုင်ပဲသူ့ကိုလက်ဆွဲပြီး ဦးလေးရှိရာကိုအရဲစွန့်ထွက်လာခဲ့ရင်းလန်တိုင်းပြည်က ရှောင်အိမ်တော်ကိုရောက်လာတာဖြစ်တယ်။ ဘာဖြစ်ဖြစ်လောလောဆယ် ရိပေါ်အိမ်ပြန်ဖို့လိုတယ်။ အဖေကဘယ်လိုလူဖြစ်ပါစေ ဂရုမစိုက်ဘူး။ သည်းခံမယ်။ သခင်လေးကျန်းမာရေးကပိုအရေးကြီးတယ်။ တစ်ခုတော့ရှိတယ်။ သည်းခံတယ်ဆိုတာ သခင်လေးနဲ့ပတ်သတ်လို့မပါဘူး။
____________