Chapter (1)

1.7K 180 2
                                    

"ထွက်သွားစမ်း! ပိုက်ဆံယူပြီး ဒီနေရာက ထွက်သွားတော့! ငါတို့လော့အိမ်တော်မှာ မင်းလိုမိသားစုဝင်မျိုး မရှိဘူး!"

"အာ့ကော အဖေ့ခမျာ မိသားစုအရေးကိစ္စကြောင့် ဒီရက်တွေထဲ မျက်လုံးတောင် မမှိတ်နိုင်ရှာဘူး။ သူ့ကို ထည့်စဥ်းစားပေးပြီး ပြဿနာရှာတာ ရပ်ပါတော့"

"သခင်လေးဝမ်ချန် ကျေးဇူးပြုပြီး ခုထွက်သွားပေးပါ မဟုတ်ရင် ကျွန်တော် ရဲခေါ်ရပါလိမ့်မယ်!"

အသံပေါင်းစုံက ရောထွေးနေကာ လော့ဝမ်ချန်မှာ ဆဲရေးကြိမ်းမောင်းသံများကြောင့် မူးဝေသလိုဖြစ်လာသည်။ ထို့နောက်မှာတော့ အရိပ်တစ်ခုက သူ့ထံပျံသန်းလာတာကို မြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ်က မသိစိတ်အရ ရှောင်တိမ်းမိသွားပြီး ခြေချော်သွားကာ လှေကားကနေ ပြုတ်ကျသွားတော့သည်။ အတော်ကြာအောင် လဲကျရာက ပြန်မထနိုင်ပါချေ။

နာကျင်မှုဟာ သူ့ခန္ဓာကိုယ်အနှံ့ တရွေ့ရွေ့တက်လာကာ အထူးသဖြင့် တစ်စုံတစ်ရာနှင့်ဆောင့်မိသွားသော နောက်စိဘက်ခြမ်းက ကြေမွသွားသလိုပင် ခံစားလိုက်ရသည်။

သူဘာလို့ နာကျင်မှုကိုခံစားနေရသေးတာလဲ။ သူက သေပြီးသားလေ။

ဟုတ်သား....သူသေသွားပြီးတဲ့နောက် ဘယ်နေရာကမှန်း မသိရတဲ့အေးစက်စက်အသံတစ်သံက ထွက်ပေါ်လာပြီး သူ ပြန်လည်မွေးဖွားနိုင်တယ်လို့ ပြောခဲ့တာပဲ........။

သူ့အမြင်တွေ တဖြည်းဖြည်းရှင်းလင်းလာချိန်မှာတော့ သူဘယ်ရောက်နေလဲ မြင်လိုက်ရ၏။

ဥရောပစတိုင်ဗီလာတစ်ခု။သူဟာ  ကြမ်းပေါ်မှာ လဲကျလျက်သား ရှိနေကာ စောနလေးကမှသူ ပြုတ်ကျလာခဲ့သော အနက်ရောင်စကျင်ကျောက်လှေကားထစ် ငါးထစ် ခြောက်ထစ်က ရှေ့မှောက်၌ တည်ရှိနေလျက်။

သူ နာကျင်နေသော နောက်စိကို ထိကြည့်လိုက်တော့ ကြီးမားသောဘုကြီးကို စမ်းမိသွားသည်။ သူ့ကိုယ်သူ တိတ်တဆိတ်အကဲဖြတ်ကြည့်လိုက်တော့ ခန္ဓာကိုယ်က ပိန်ပါးကာ အသားအရေက ​ဖြူဖပ်ဖြူလျော်နေတာကို တွေ့လိုက်ရသည်။ တွန့်ကြေနေသော ဝါကြင်ကြင်အဝတ်အစားကို ဝတ်ထားပြီး ယင်းဟာ သခင်ငယ်လေးအဝတ်အစားတွေ လာခိုးသော ရွေ့ပြောင်းအလုပ်သမားတစ်ယောက်နှယ်ပင်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)Where stories live. Discover now