Chapter (8)

622 136 0
                                    

''ရွှေကျက်သရေ'' ဟူသည်က ကြီးမားသောဇိမ်ခံဘားတစ်ခုဖြစ်ရာ မည်သူကမှမထီမဲ့မြင်မပြုဝံ့သော်ငြား လော့ဝမ်ချန်၏ 'သူငယ်ချင်းဟောင်း'များကမူ သူဤနေရာ၌ အလုပ်လုပ်နေကြောင်းကို နည်းလမ်းအသွယ်သွယ်မှတစ်ဆင့် သိရှိခဲ့ပြီးနောက် အပြစ်ရှာပြီး လှောင်ပြောင်ရန် အခက်အခဲတွေ့အောင်လုပ်တာတဖုံ သို့မဟုတ် သူ့ကို အရက်မူးအောင်တ်ိုက်ဖို့ အကြောင်းရှာရန် တစ်ဖုံ လာရောက်ခဲ့ကြပေ၏။

အခြားသော စားပွဲထိုးများနှင့်ယှဥ်ပါက လော့ဝမ်ချန်၏အလုပ်ကား ပိုခက်ခဲပါသော်ငြား သူ၏ယခင်ဘဝထက်တော့ သာလွန်နေပါသေးသည်။

'ဝေါ့!'

လော့ဝမ်ချန် သန့်စင်ခန်းထဲ အမြန်ပြေးသွားကာ ဘေစင်ကိုဆုပ်ကိုင်ထားရင်း သူသောက်ထားခဲ့သမျှ အရက်များအား အစာခြေအက်စစ်ရည်အများအပြားနှင့်အတူ အန်ချပစ်လိုက်သည်။သူ့မျက်နှာတစ်ခုလုံးက နီရဲနေပြီး မျက်လုံးက မျက်ရည်တွေနှင့် ပြည့်နေလေသည်။

''အစ်ကိုလော့......အစ်ကို အဆင်ပြေရဲ့လား?''

သူ့နောက်လိုက်လာသည်က လော့ဝမ်ချန်ထက်တစ်နှစ်ငယ်ပြီး သူနှင့်သင့်မြတ်သည့် စားပွဲထိုးအသစ် ရှောင်ချန်ဖြစ်၏။ ရှောင်ချန်က သူ့နောက်ကျောအား ပုတ်ပေးရင်းမခံမရပ်နိုင်ဖြစ်စွာ ပြောလာသည်။

''အဲ့ဒီလူတွေ လွန်ကိုလွန်တယ်။သူတို့လာတိုင်း အစ်ကို့ကိုပဲ ဝိုင်တွေအတင်းသောက်ခိုင်းနေတယ်။ကျွန်တော်တို့က စားပွဲထိုးလေ.....သောက်ဖော်သောက်ဖက်တွေမှမဟုတ်ပဲ"

လော့ဝမ်ချန် ပလုပ်ကျင်းလိုက်ရင်း လက်တဆုပ်စာရေခပ်၍ ပူထူနေသော သူ့မျက်နှာပေါ် ပက်လိုက်သည်။

ထို့နောက်မှ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ကာ တီရှူးဖြင့် မျက်နှာကို သုတ်ရင်း တိုးဖွဖွပြောလိုက်သည်။

''ငါကအရင်သူတို့အပေါ် အမှားလုပ်ခဲ့တာမို့ အပြစ်တင်လို့တော့ ဘယ်ရပါ့မလဲ။ ဝိုင်နည်းနည်းပါးပါးသောက်ရတာတော်သေးတယ်။ အထိုးအကြိတ်မခံရတာပဲ တော်လှပြီ"

''ဒါပေမဲ့ ဒီလိုကြီးက လွန်ပါတယ်ဗျာ''

ရှောင်ချန်က စိတ်ပျက်လက်ပျက် ပြောလာသည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)Where stories live. Discover now