"အရိုင်းအစိုင်းလေးပါကွာ။ နေ့လည်သွားချင်တာသွားတဲ့ တစ်နာရီမှအိမ်က ထွက်ရတယ်။ လေးနာရီမတိုင်ခင်ပြန်လာရအုံးမယ်တဲ့။ ငါလေ ပြောရင်း ဒေါသထွက်လာပြီ။"သုတမောင်မောင်တစ်ယောက် နှုတ်မှတတွတ်တွတ်ပြောရင်း နဖူးမှ ချွေးစက်တို့ကိုလက်ဖြင့် သုတ်လိုက်သည်။ သူရိန်မျိုးထက်ကတော့ သူ့ပုံစံလေးကို ရယ်လေးရယ်ချင် သနားလည်း သနားမိသည်။ သူတို့နှစ်ယောက်သည် ဦးတည်ရာမရှိဘဲ လမ်းလျှောက်လာကြသည်။
"မောင်မောင် ဆင်းရဲရတာ ဘယ်လိုလဲ ပင်ပန်းတယ်မလား"
"ဆင်းရဲတာထက် စောမြတ်ညိုက ငါ့ကိုပိုပင်ပန်းစေတယ်။ ဘယ်လိုကံပါလဲကွာ သူနဲ့မှ လာတွေ့ရတယ်လို့။"
"ဒါဆိုလည်း သူ့ဆီက မင်းဖုန်းရတာနဲ့ ရန်ကုန်ပြန်ကြရအောင်လေ မောင်မောင်။"
"မပြန်ပါဘူး အိမ်က ထွက်လာတာတစ်ပတ်တောင်မရှိသေးဘူး။ ငါအချစ်စစ်ကိုရအောင်ရှာရအုံးမှာ။"
"မောင်မောင်ရာ ခေါင်းမမာစမ်းပါနဲ့။ အချစ်စစ်ရှာတယ်ဘာညာက မင်းအကြောင်းပြချက်ရှာနေတာပါ။ တကယ်တော့ မင်းစိတ်ညစ်နေလို့ အဲ့ဒီပတ်ဝန်းကျင်က ခဏရှောင်ပြေးချင်ရုံပဲ။"
သုတမောင်မောင် ဆက်မလျှောက်တော့ဘဲ
သူရိန်မျိုးထက်ကို အံ့ဩစွာကြည့်လိုက်သည်။"မင်း ငါ့ကိုနားလည်တယ်ထင်တာ မင်းငါ့ကို နားမလည်ဘူးပဲ။ မင်းအတွက်တော့မသိဘူးမျိုး ငါ့အတွက်တော့ အချစ်စစ်က အရမ်းအရေးကြီးတယ်။ ငါ့ဘဝတစ်လျှောက်လုံး ငါ့ကို အစစ်အမှန်လာပေါင်းတဲ့သူ တစ်ယောက်မှမတွေ့ဖူးတာ မင်းသိပါတယ်။ အဲ့ဒါကို မင်းက..."
သူ ဆက်မပြောတော့ဘဲ ရှေ့မှ ခပ်သုတ်သုတ်ထွက်လာလိုက်သည်။ သူ့ရဲ့စိတ်ဝိညာဉ်ကဲ့သို့မှတ်ယူထားသည့် တစ်ဦးတည်းသော သူငယ်ချင်းသည် သူ့အတွက်အရေးကြီးသော အချစ်ရေးကို ပေါ့ပေါ့ပျက်ပျက်တွေးထင်နေသည်ကို သူစိတ်မကောင်းဖြစ်ရသည်။
ချမ်းသာမှုတွေကြားမှာ ကြီးပြင်းလာခဲ့ရသည့် သူဟာ တစ်ခြားအရာတွေထက် မေတ္တာစစ် မေတ္တာမှန်ကိုသာ လိုလားတောင့်တသည်ကို မျိုးလည်း နားမလည်နိုင်ပါလေ။
CZYTASZ
အချစ်စစ်ရှာပုံတော်
Romansအချစ်စစ်ကို ရှာဖွေဖို့ ရိုးမတောင်တန်းကြီးကို ကျော်လွန်ပြီးကျွန်တော်သွားခဲ့ပါတယ်။