အပိုင်း(၂၁)

9 0 0
                                    

ထိုနေ့ သုတမောင်မောင်တစ်ယောက် ပန်းခူးရင်း ပန်းကလေးများကြား အပြိုင်လှပနေသော စောမြတ်ညိုကို ငေးကြည့်နေမိခဲ့ပါသည်။ စောမြတ်ညိုကိုကြည့်နေရင်း ကုန်သွားသည့်အချိန်တို့သည် အကုန်မြန်လိုက်လေခြင်း။ သူတို့ပြန်ရမည့်အချိန်ကို‌တောင်ရောက်မှန်းမသိ ရောက်လာတော့သည်။ သူ စောမြတ်ညိုဆီအပြေးလေးသွားလိုက်ကာ လက်ထဲမှ ပန်းခြင်းတောင်းကလေးကိုဆွဲယူရန်ဟန်ပြင်လိုက်ရာ စောမြတ်ညိုကသူ့ကိုသိသိသာသာရှောင်ကာထွက်သွားသည်။

"စော စောင့်အုံးလေ"

သူပြေးလိုက်သော်လည်း စောမြတ်ညိုက လူများနှင့်ရောနှောကာ လှေပေါ်အလျင်အမြန်တက်သွားသည်။ စော သူ့ကိုစိတ်ဆိုးသွားသည်မှာ သေချာလေပြီ။ ပြန်ချော့ရတော့မှာပေါ့လေ။ ချော့တာက စောနဲ့တွေ့မှ သူပိုတော်လာသည့် စွမ်းရည်တစ်ခုဖြစ်တော့မည်။

စောမြတ်ညိုနှင့် နီးနီးကပ်ကပ်မထိုင်ရတော့သော်လည်း မျက်နှာကိုရှင်းလင်းစွာမြင်ရသော နေရာတွင် ဝင်ထိုင်လိုက်သည်။ စောမြတ်ညို၏မျက်နှာသည် သူ့အတွက်ပင်လယ်ရေလိုမျိုး သောက်လေ သောက်လေ ငတ်မပြေဆိုသလို ကြည့်လေ ကြည့်လေ ကြည့်မဝဖြစ်နေလေပြီ။

"အကို အဆင်ပြေရဲ့လား"

ရုတ်တရက်ဘေးနားမှ မိန်းကလေးအသံကြားတော့မှ သူဝင်ထိုင်လိုက်သည်မှာ မိန်းကလေးတွေကြားထဲတွင်ဖြစ်နေမှန်း သိသည်။ သူအနည်းငယ်အင်တင်တင်ဖြစ်သွားသည်။

"ပြေပါတယ် မောင်နှမတွေပဲလေ ဟုတ်တယ်မလား"

"အကိုက ဘာကိုပြောတာလဲ ညီမက စောမြတ်နဲ့‌အဆင်ပြေလားလို့မေးတာ"

"ဟင် ညီမလေးက ဘာလို့မေးတာလဲ"

သူပို၍ ကြောင်တောင်တောင်ဖြစ်သွားသည်။ သူ့ကိုစူးစမ်းလိုသည့်ပုံစံဖြင့်ကြည့်နေသော မိန်းကလေးမှာ သွက်သွက်လက်လက်ရှိသော မိန်းကလေးဟုဆိုရမည်။ အသားဖြူဖြူနှင့် ရုပ်ကလေးချစ်စဖွယ်ကောင်းသည်။ သနပ်ခါးပါးကွက်ကျားလေးနှင့် ရိုးရိုးယဉ်ယဉ်ကလေးဖြစ်၏။ ဗမာစကားကိုလည်း ပီပီသသပြောနိုင်ပုံထောက်လျှင် ထိုကောင်မလေးသည် ရန်ကုန်မှာတောင်နေဖူးပုံပေါ်ပါသည်။

အချစ်စစ်ရှာပုံတော်Where stories live. Discover now