အပိုင်း(၁၁)

8 0 0
                                    


မြစ်ပြင်ကနေ တဖြည်းဖြည်းကျဉ်းလာပြီး ချောင်းငယ်အဖြစ်သို့ ရောက်ရှိလာသည်မို့ ကမ်းနားဖက်ကို ရှင်းလင်းစွာမြင်လာရသည်။ ကမ်းနားတစ်လျှောက်ရှိ အိမ်တန်းရှည်များကိုတွေ့ရသည်။  ကမ်းနားတွင်စိုက်ပျိုးထားသော စိုက်ခင်းများစွာကို သုတမောင်မောင် စိတ်ဝင်တစားလိုက်ကြည့်နေမိသည်။ မူးဝေခြင်းအလျဉ်းမရှိတော့ပဲ လှေစီးနေသည်ကိုပင် မေ့၍နေတော့၏။ စောမြတ်ညို၏ လက်‌နွေးနွေးကို ကိုင်ထားခြင်းမဟုတ်သော်လည်း သူ
မကြောက်တော့သည်ကို အံ့ဩရသည်။ ရေကြောက်တတ်သည့်သူ့အတွက် ရေပြင်ကျယ်ကို သတ္တိရှိရှိကြည့်ရဲစေသော လုံခြုံမှုတစ်ခု သူ့အနားတွင်ရှိနေသလိုပင်။ ထူးဆန်းသည်က ရေကူးအင်္ကျီမဟုတ်ဘဲ လူတစ်ယောက်ပေါ့။

"ရောက်ပြီ"

နမ်းမိပြီးကတည်းက စောမြတ်ညိုထံမှ ပထမဆုံးထွက်လာသော အသံပင်။ သူ့အသံက ပုံမှန်အတိုင်း တည်ငြိမ်နေသည်။ လှေလေးက ဆိပ်ကမ်းတစ်ခုဆီ ဦးတည်‌မောင်းနှင်‌လျက်ရှိသည်။  ဆိပ်ကမ်းတွင် လူအများအပြားကိုတွေ့ရသည်။ အများစုက ကလေးများ၊ အနည်းငယ်လောက်က အဒေါ်ကြီးများပင်ဖြစ်၏။ စောမြတ်ညိုက လှေကနေ ခေါင်းလေးပြူထွက်ကာ လက်ပြနှုတ်ဆက်လိုက်‌ရာ

"ဆရာချေ"(ဆရာလေး)

ကလေး‌များက ထခုန်မတတ်ပျော်သွားကြသကဲ့သို့ အဒေါ်ကြီးများ၏ မျက်နှာသည်လည်း မှိုရသည့်မျက်နှာကဲ့သို့ ဝင်းထိန်သွားကြသည်။
စောမြတ်ညို သူတို့ကိုကြည့်ကာ ရယ်လိုက်ရာ နှုတ်ခမ်းပါးပါးလေးသည် ကော့တက်သွား၏။ လောကနန္ဒာ ဘုရားတွင် တွေ့ချိန်က ကလေးများနှင့်ပြုံးရည်နေသလို တောက်ပသောအပြုံး။
စောမြတ်ညိုဟာ ဒီလောက် လှအောင်ပြုံးတတ်ပါလျက် သူ့ကိုတော့ တစ်ခါလောက်တောင် ပြုံးမပြဖူးပါ။ အတိတ်ဘဝက ရန်သူတွေဖြစ်ခဲ့တာများလားမသိ။

လှေကဆင်းသည်နှင့် ပြေးဆင်းလာကြသောကလေးတစ်သိုက်သည် စောမြတ်ညိုကိုဖက်သူကဖက် လက်ကိုဆွဲကိုင်သူကကိုင် စောမြတ်ညိုထံမှကျောပိုးအိတ်ကို ဆွဲယူသူကယူနှင့် အလုပ်ရှုပ်လျက်ရှိကြသည်။ သုတမောင်မောင်သည် ထိုမြင်ကွင်းကိုငေးမောစွာကြည့်နေမိသည်။ စောမြတ်ညိုဟာ ဘယ်လိုလူမျိုးမို့ သူ့ကိုချစ်သည့်လူတွေ ဤလောက်များရသည်မသိ။ တကယ်ပဲ ဒီကောင်လေးဟာ ဘာကုသိုလ်ကံများကြောင့် အချစ်ခံနေရပါသနည်း။ သူကရော။ အတိတ်ဘဝက ဘယ်အကုသိုလ်တွေများလုပ်ခဲ့လို့ အချစ်ခံရမှုနည်းပါးသည့်အပြင် လာချစ်သူများမှာလည်း အကျိုးမျှော်အပေါင်းဖော်များသာဖြစ်နေရပါသနည်း။

အချစ်စစ်ရှာပုံတော်Where stories live. Discover now