အပိုင်း(၃၀)

6 0 0
                                    

ရခိုင်ကို မြန်မြန်ရောက်ချင်သောကြောင့် သူ စစ်‌တွေသို့ လေယာဉ်ဖြင့် လာခဲ့သည်။ လေယာဉ်ပေါ်ကုန်ဆုံးရသည့် တစ်နာရီကျော်အချိန်ကလေးကိုပင် သူနှမြောရ၏။ သူ ခဏလောက်နောက်ကျသွားလျှင် စောကို ရှာတွေ့နိုင်တော့မည်မဟုတ်။ မနေ့က အကိုစံလင်းသိန်းကိုဖုန်းဆက်မေးကြည့်ရာ စော သည် ဝဲကြီးထောင့်ရွာလေးသို့ မရောက်သေးဟု ဆိုသည်။ ထို့ကြောင့် သေချာပေါက် စော ဟာ စစ်တွေမှာပဲရှိနေပေလိမ့်မည်။ ထိုအိမ်ကလေး၏ နောက်ဖက် ပန်းခင်းလေးတွင် ပန်းခူးနေမည်လား၊ ဒါမှမဟုတ် ပန်းခင်းဘေးမှ ကွပ်မျစ်လေးပေါ်တွင် လှဲအိပ်နေလေမည်လား။ သူအတွေးဖြင့် စိတ်လှုပ်ရှားနေမည်ပါသည်။ လေယာဉ်ကွင်းမှ တုတ်တုတ်ကလေးကို ငှားကာ စော အိမ်က‌လေးဆီ ချီတက်ခဲ့၏။ နာရီစင်ကို ကျော်၍ စစ်တွေ ကမ်းနားလမ်းတစ်လျှောက် လာလေရာ လေပြေအေးအေးကို သူရှုရှိုက်ရသည်။ ဟိုလွန်ခဲ့သည့်နှစ်နှစ်ကကား ဆိုင်ကယ်‌ပေါ်တွင်စော‌အနောက်မှ သူ ထိုင်စီးဖူးသည်။ ‌ထိုစဉ်က လေပြေအေးလေးနှင့်အတူ စော၏ ကိုယ်သင်းရနံ့လေးအား ခိုး၍ရှုရှိုက်ဖူးခဲ့ပါ၏။ စောမြတ်ညိုဆိုသည့် ကောင်လေးအား အဲ့ဒီအချိန်ကတည်း သူတောင်မသိလိုက်ပါဘဲ သဘောကျနေနှင့်ပြီမဟုတ်လား။

ထိုအိမ်ကလေးသည်အရင်တိုင်းပင်။ သို့သော် ပို၍တိတ်ဆိတ်နေသယောင်ပင်။ သူ အိမ်ထဲသို့ အလျင်အမြန်ဝင်ကာ စောအား လိုက်ရှာမိသည်။ စောမရှိ။ ထို့အပြင် လူနေသည့်ပုံစံမျိုးမဟုတ်သဖြင့် သူစိတ်ညစ်သွားရသည်။ သို့သော် သူ အိမ်နောက်ဖက်ဆီသို့ ပြေးထွက်လာခဲ့သည်။ ဧရာမပန်းခင်းကြီးသည် လေယူရာ ယိမ်းနွဲ့နေသည်။ သို့သော် လူတစ်ယောက်တစ်လေမျှမရှိပြန်။

စောမရှိဘူး။ စောရယ် ပုန်းနေတာဆိုရင် ထွက်ခဲ့ပါတော့ကွာ။

သူမျက်ရည်များဝဲတက်လာသည်။ သို့သော် မငို။ ငို၍မဖြစ်။ သူ ရှာရအုံးမည်။ သူစောကို ဆက်ရှာရအုံးမည်မဟုတ်လား။ စိတ်ညစ်ညစ်နှင့် အိမ်မှ ထွက်လာစဉ် သန္တာခိုင်နှင့်တွေ့သဖြင့် သူအလွန်ပျော်သွားရသည်။

"အကို အကိုသုတမောင်မောင်မလား"

"ဟုတ်ပါတယ် အကိုပါ ညီမ၊ ညီမဒီမှာပဲ ဆက်နေ‌ တာလား"

အချစ်စစ်ရှာပုံတော်Where stories live. Discover now