အပိုင်း(၂၉)

6 0 0
                                    

ကျောင်းဝန်းထဲတွင် သုတမောင်မောင်တစ်ယောက် စောအား အပြေးအလွှားလိုက်ရှာနေသည်။ သူ့နဖူးပေါ်မှ ချွေးစက်ကလေးများသည် သူ့မျက်လုံးအိမ်မှ မျက်ရည်တို့ရောနှောကာ ကျနေသည်။ သူငိုနေသည်။ ဘာကြောင့်လဲ။ စောမြတ်ညို ဆိုသည့် နာမည်ကလေးတစ်လုံးကြားလိုက်ရရုံနှင့် သူ့နှလုံးသားက အချက်ပေးသံနှင့်အတူ သူ့မျက်လုံးအိမ်တို့ စိုစွတ်လာတော့၏။

"စောရယ် ဒီတစ်ခါတော့ ပျောက်မသွားပါနဲ့တော့"

သူ အဓိပတိလမ်းမှ စာကြည့်တိုက်ဖက်သို့ဝင်ကာ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်၊ ဗဟိုစာကြည့်တိုက် နှစ်ခုလုံးကို ဝင်ကြည့်သည်။ အိမ်ပြန်ခါနီးစောသည် ငှားထားသည့်စာအုပ်တွေများ လာအပ်နေလေမလား။ သို့သော် စာကြည့်တိုက်ထဲတွင် စောမရှိသဖြင့် သူ အင်းဝကန်တင်းဖက်ဆီသို့ ခြေလှမ်းစသည်။ ဗိုက်ဆာ၍ ထမင်းများဝင်စားနေလေမလားမသိ။ သို့သော် ကန်တင်းမှာလည်း မတွေ့ပြန်။ သူ့အင်္ကျီတစ်ခုလုံး ချွေးစက်များပြည့်နက်နေ၏။

"မောင်မောင် ဘယ်လိုလဲ စောမြတ်ညိုကို တွေ့လား"

အဓိပတိလမ်းပေါ်တွင် ခြေကုန်လက်ပမ်းကျစွာ လျှောက်လာနေသော သူ့အား မျိုးက အမောတကောမေးသည်။ သူ ခဏမျှပြန်မဖြေဘဲ ငိုင်နေသည်။ ထို့နောက် စူးရှသည့် မျက်ဝန်းတို့ဖြင့် မျိုးအား စိုက်ကြည့်လိုက်ကာ

"စောကို ငါ‌မတွေ့တော့ဘူး။ သူ ထွက်သွားပြန်ပြီ။"

သူ့အသံသည် ဝမ်းနည်းအက်ကွဲနေသော်လည်း မျက်လုံးကမူ ကြက်သီးထစရာကောင်း၏။ သူရိန်မျိုးထက်သည် သူ့အပြစ်ကိုသူသိသည်။ သူ့အား မောင်မောင် ခွင့်မလွှတ်နိုင်သည့်အလုပ်ကို လုပ်ခဲ့မိသည်မဟုတ်လား။ ချစ်သူနှစ်ဦး၏ကြားတွင် ဗီလိန်လုပ်ခဲ့သော သူ့အား မောင်မောင်သည် အဖြစ်မှန်သိချိန်တွင် အပြစ်စကားမဆိုခဲ့သော်လည်း သူ့စိတ်ထဲတွင်ကား နာကျည်းနေမည်ကို သူကောင်းကောင်းသိပါ၏။ သို့သော် သူ့ဖက်မှကြည့်ရလျှင်လည်း မတတ်နိုင်ချေ။ သူဟာ မောင်မောင်သူငယ်ချင်းဖြစ်သော်ငြား ထမင်းရှင်ဖြစ်သော မောင်မောင်၏မိဘတို့ကို ကြောက်ရသည်မဟုတ်လား။ ထို့ကြောင့် သူတို့ကို အကျိုးအကြောင်းပြောပြထားကာ သူတို့ခိုင်းစေသည့်အတိုင်းလုပ်ခဲ့ရပါသည်။ သူ လူဆိုးအလုပ်ကို လုပ်ခဲ့ရ၏။

အချစ်စစ်ရှာပုံတော်Where stories live. Discover now