ညအမှောင်သည် တစ်ဖြည်းဖြည်း ကြီးစိုးလာကာ ပတ်ဝန်းကျင်သည်လည်း ငြိမ်သက်တိတ်ဆိတ်နေ၏။ အိမ်ကလေးထဲမှ ခြင်ထောင်ထဲတွင် သူတို့နှစ်ယောက်သည်လည်း တစ်ဦးကို တစ်ဦး ကျောပေးအနေအထားဖြင့် စောင်းအိပ်ကာ တိတ်ဆိတ်နေကြ၏။ မျက်လုံးကို အတင်းမှိတ်ပြီး အိပ်ရန်ကြိုးစားနေကြသော သူတို့နှစ်ယောက်၏ ရင်ထဲတွင် အပူကိုယ်စီဖြင့်ပင်။ ချစ်ရသူအား ဘေးတွင်ထားကာ မည်သည့်စကား ဆိုရမည် မသိ ဖြစ်ရသော ဆိုးဝါးလှသည့် အခိုက်အတန့်အား သူတို့ကျော်ဖြတ်ရန်ကြိုးစားနေကြ၏။
"သုတမောင်မောင်"
"အင်း"
တိုးတိတ်သောအသံသည် ညအမှောင်ထဲတွင် တိုးဝင်လာ၏။ စောမြတ်ညို၏အသံသည် အနည်းငယ် အက်ကွဲနေ၍နေသည်။
"ခင်ဗျား မအိပ်သေးဘူးလား"
"အင်း အကို အိပ်မပျော်လို့၊ စောရော မအိပ်သေးဘူးလား"
"ကျွန်တော်လည်း အိပ်မပျော်လို့"
သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်အနေအထား လှည့်လိုက်ကြသည်။ အပြင်အခန်းမှ ဘုရားစင်တွင် ထွန်းထားသော ဖယောင်းတိုင်မှ ခပ်မှိန်မှိန်အောက်တွင် စောမြတ်ညို၏ မျက်လုံးကလေးများသည် ရွှန်းလဲနေ၏။ သုတမောင်မောင်သည် ချစ်သူ၏မျက်နှာကလေးကိုမြင်သည်နှင့် ပြုံးလိုက်ကာ ထိုမျက်နှာကလေးအား လက်ဖြင့်ယုယစွာပွတ်သိပ်ပေးလိုက်ရင်း
"အိပ်တော့လေ စောရဲ့၊ မနက်ဖြန် အစောကြီးထရမှာမလား၊ အကိုစံလင်းသိန်းက လယ်ထဲခေါ်ထားတယ်လေ"
စောမြတ်ညိုသည် သူ့စကားကြောင့် မျက်မှောင့်ကြုံ့လိုက်ကာ
"သုတမောင်မောင် ခင်ဗျား ကျွန်တော့်ကို ပြောစရာဘာမှမရှိဘူးလားဟင်"
နေ့လည်က သူရိန်မျိုးထက်ဆီမှ ကြားခဲ့ရသည် အကြောင်းအရာများအား ကာယကံရှင်ဖြစ်သူထံမှ တိုက်ရိုက် ကြားချင်မိ၏။ သူရင်ဖွင့်သည်ကို နားထောင်ကာ နှစ်သိမ့်ပေးချင်သည်။ ချစ်ရသူ၏ မှီခိုစရာအဖြစ် ရင်ခွင်ကိုပေးငှားချင်သည်။ ချစ်ရသူအား သူကိုယ်တိုင် ဖျောင်းဖျကာ သွားခိုင်းချင်မိ၏။
BẠN ĐANG ĐỌC
အချစ်စစ်ရှာပုံတော်
Lãng mạnအချစ်စစ်ကို ရှာဖွေဖို့ ရိုးမတောင်တန်းကြီးကို ကျော်လွန်ပြီးကျွန်တော်သွားခဲ့ပါတယ်။