Episode-15

11.5K 963 72
                                    

Zawgyi Version

မကျယ်လည်းမကျယ်၊ ကျဉ်းလည်းမကျဉ်းလှသော ခြံဝန်းလေးထဲ တစ်လှမ်းချင်းဆီလျှောက်လာခဲ့သည်...။
ခြံဝန်းလေးထဲက မြေကွက်လပ်လေးကိုကြည့်ရင်း စတော်ဘယ်ရီသီးလေးတွေစိုက်ရင်ကောင်းမယ်လို့တောင် တွေးမိသေးသည်...။
ဦးတည်ရာကတော့ သော့ခတ်ထားသော သစ်သားတံခါးလေးဆီ...။
လက်ထဲအဆင်သင့်ပါလာတဲ့ သော့လေးနဲ့ဖွင့်ကာ ဝင်လိုက်တော့ ရှင်းလင်းနေသော နှစ်ထပ်သစ်သားအိမ်လေးက ကိုယ့်ကိုကြိုဆိုလျက်...။

အထဲဝင်ကာ ပိတ်ထားသောပြတင်းပေါက်လေးတွေကို တစ်ချပ်ချင်းလိုက်ဖွင့်လိုက်တော့ ခပ်လှမ်းလှမ်းက မြင်နေရတဲ့ လှိုင်းလုံးဖွေးဖွေးတွေနဲ့အတူ နားထဲကြားလာရသည့် လှိုင်းပုတ်သံလေးတွေ...။
လေအေးလေးတစ်ချက်ဝေ့တိုက်လာသည်မို့ ပြတင်းပေါက်လေးကိုမှီလျက် မျက်လုံးလေးတွေကိုမှိတ်ထားတုန်းမှာပင် တုန်ရီလာတဲ့ဘောင်းဘီအိတ်ကပ်ထဲက ဖုန်း...။

ထုတ်ကြည့်မိတော့ ဖေဖေ့ရဲ့ရှေ့နေကြီးဆီက ပို့ထားသည့်စာ...။
မောင့်ဆီ ကွာရှင်းစာချုပ်နဲ့ လုပ်ငန်းတွေလွှဲပြောင်းပေးကြောင်းစာချုပ် ပို့ထားပြီးပါပြီတဲ့...။
သက်ပြင်းသာအသာချလိုက်ပြီး ဟုတ်ကဲ့ ဆိုတဲ့စာလေးတစ်ကြောင်းသာပြန်ပို့ကာဖုန်းကိုအိတ်ကပ်ထဲပြန်ထည့်လိုက်တော့သည်...။

အခု တကယ်ပဲပြီးသွားပြီပဲ...။
လွှတ်ချလိုက်တော့လည်း ရင်တစ်ခုလုံးဗလာကျင်းသွားသလို ဘာမှမရှိတော့ပါလား...။
ပိုင်ရှင်ဆီကလုယူခဲ့မိတဲ့ ပစ္စည်း... အခုတော့ ပိုင်ရှင်ဆီပြန်ရောက်သွားတယ်လို့ပဲ မှတ်ယူလိုက်ပါတော့မယ်...။
လောဘမကြီးတော့ပါဘူးလေ...၊ မောင်ပျော်ရင်ရပါပြီ...။

ပါးပေါ်ကျလာတဲ့ မျက်ရည်တစ်စက်ကို လက်နဲ့သုတ်လိုက်ကာ ပင်လယ်ပြင်ကြီးကိုသာ အကြည့်မပျက် ငေးကြည့်မိတော့သည်...။
ဘူဆန်ရေ... အရင်တစ်ခါလာတုန်းက‌ ဘူဆန်သားလေးနဲ့အတူဆိုပေမယ့် အခုတော့ အဲ့ဒီ့ဘူဆန်သားလေးကိုမခေါ်လာနိုင်တော့ဘူး...။
နားလည်ပေးမယ်မဟုတ်လားဟင်...။
ဒါပေမယ့် ငါနဲ့ဝေးနေရလို့ ဘူဆန်သားလေးပျော်နေမှာပါ...။ ဒါဆို ငါကျေနပ်သင့်တယ်မလား..။

Tragically Beautiful [Completed]Where stories live. Discover now