ဂေါ်ဖီထုပ်မားမား

12 3 9
                                    

Unicode

ကျန်းမားမားရေးထားတဲ့ WeChat ပေါ်က ဆောင်းပါးလေးကို မျှဝေလိုက်ပါတယ် ~

ဂေါ်ဖီထုပ်မားမား

追逐远方的梦 2022-11-02 10:35

"ဂေါ်ဖီထုပ်မားမား" ဆိုတာက သားက ကျွန်မကိုပေးခဲ့တဲ့ အမည်ပြောင်ဖြစ်ပါတယ်။ သားလေးမွေးစကတည်းက ကျွန်မကို ဆံပင်အရှည်နဲ့ တစ်ခါမှ မတွေ့ဖူးပဲ ကောက်ထားတဲ့ ကျွန်မရဲ့ဆံပင်ပုံစံက ဂေါ်ဖီထုပ်ပုံစံဖြစ်နေလို့ဆိုပြီး သားက ဒီလိုနာမည်ပေးထားတာပါ။ 

တကယ်တော့ ကျွန်မ ငယ်ငယ်တုန်းက ဆံပင်အရှည်ထားခဲ့တာပါ။ အဲဒီခေတ်က ကျစ်ဆံမြီးကျစ်တာက အရမ်းခေတ်စားပါတယ်။ ကျွန်မက မိသားစုထဲမှာ အကြီးဆုံးသမီးပါ။ ကျွန်မမိဘတွေမှာ ကလေးတွေ အများကြီးရှိပြီး အလုပ်လည်းသွားလုပ်ရတဲ့အတွက် ကျွန်မတို့ကို ဂရုစိုက်ဖို့ အချိန်မရှိပါဘူး။  ဒါကြောင့် ငယ်ငယ်တုန်းက ဆံပင်ကို ကျစ်ဆံမြီးချည်ဖို့ ရော်ဘာကြိုးကိုပဲ အသုံးပြုခဲ့ရပါတယ်။ ကျွန်မ အရွယ်ရောက်လို့ အလှအပလုပ်ချင်လာတဲ့အခါ ကျစ်ဆံမြီးကျစ်ဖို့ သင်ယူခဲ့ပေမယ့် ကောင်းကောင်း မကျစ်တတ်ခဲ့ပါဘူး။ ကျွန်မကျစ်တဲ့ ကျစ်ဆံမြီးက ခဏကြာရင် အမြဲပြန်ပြီး ပြုတ်ကျသွားပြီး မလှမပဖြစ်သွားတာချည်းပါပဲ။

အဲဒီတုန်းက ကျွန်မကို အလှအပအတွက် လမ်းညွှန်ပေးမယ့်သူ မရှိပါဘူး။ နောက်ပိုင်းမှာ ကျွန်မ ကျစ်ဆံမြီးကျစ်တာကို စွန့်လွှတ်ပြီး နောက်ဆုံးတော့ ဒီဂေါ်ဖီထုပ်ဆံပင်ပုံစံကို ရွေးလိုက်ရပါတယ်။  ဒါပေမယ့် ကျွန်မရဲ့ ဒီဆံပင်ပုံစံကို သားက "ဂေါ်ဖီထုပ်မားမား" လို့ နာမည်ပေးမယ်လို့ ကျွန်မ တခါမှ မမျှော်လင့်ထားပါဘူး။ .

ကျွန်မ ငယ်ငယ်တုန်းကတည်းက တချိန်မှာ ကလေးလေးမွေးခဲ့ရင် ယောက်ျားလေးပဲ လိုချင်ခဲ့ပါတယ်။ ကျွန်မ အိမ်ထောင်ကျပြီး ကိုယ်ဝန်ရလာတဲ့အခါ ဗိုက်ထဲက ကလေးကို ယောက်ျားလေးဖြစ်ပါစေလို့ ဆုတောင်းခဲ့ပါတယ်။ ကျွန်မက ယောက်ကျားလေး မိန်းကလေးခွဲခြားလိုတဲ့စိတ်ကြောင့် မဟုတ်ပဲ မိန်းကလေးမွေးခဲ့ရင် ဘယ်လိုဝတ်စားဆင်ယင်ပေးရမှန်းမသိတဲ့အတွက်ကြောင့် ဖြစ်ခဲ့တာပါ။ ကျွန်မကိုယ်တိုင်က တစ်သက်လုံး မပြင်မဆင်ပဲ ဖြစ်သလို နေလာခဲ့တာကြောင့် သမီးလေးမွေးခဲ့ရင် ဒီအလှအပတွေပေါများလှတဲ့ ခေတ်ကြီးမှာ သမီးလေးကို လှလှပပပြင်ဆင်ပေးဖို့အတွက် ကျွန်မမှာ ပါရမီ မရှိပါဘူး။  ယောက်ျားလေးဆိုရင်တော့ အလှအပအတွက် စိတ်ပူစရာမလိုတော့ဘူးလို့ တွေးမိပါတယ်။ အနည်းဆုံးတော့ သူ့ကို ကျစ်ဆံမြီးကျစ်ပေးဖို့မလိုတော့ဘူးပေါ့။ ကျွန်မကိုယ်ဝန် ၆-လမှာ ဆေးရုံကိုသွားပြီး အာထရာဆောင်းရိုက်တော့ ဆရာဝန်ကို "ယောက်ျားလေးလား မိန်းကလေးလား" လို့ တိုးတိုးလေးမေးတော့ ဆရာဝန်က  "၅၀% က ယောက်ျားလေးဖြစ်ပြီး ၅၀% က မိန်းကလေး" လို့ စိတ်မရှည်စွာနဲ့ပြန်ပြောပါတယ်။ ကျွန်မကတော့ စိတ်ထဲမှာ ဒါဆို ပြောတာက မပြောတာနဲ့ ဘာထူးတော့မှာလဲလို့ မကျေမနပ် ရေရွတ်မိပါတယ်။

မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများWhere stories live. Discover now