အပိုင်း ၁၇

9.5K 532 3
                                    

(Zawgyi)

အသိစိတ်တို့ ပြန်လည်ဝင်ရောက်လာခိုက်မှာ အခြေအနေကို တစ်ချက် အကဲခတ်မိတော့ ဆိုဖာပေါ် တစ်ခုကို ရောက်နေပြီး သူက အောင်စေပိုင့်ရင်ခွင်ထဲ မှီထားသည်။ အောင်စေပိုင်က သူ့ဆံပင်တွေကို ခပ်ဖွဖွဆော့ကစားနေပြီး သူ့လက်တို့ က အောင်စေပိုင့်လက်ချောင်းတွေကို ယှက်နွယ်ကာ ဆုပ်ကိုင်ထားသည်။ ရင်ခွင်ထဲကနေ အောင်စေပိုင်ကို မော့ကြည့်မိတော့ ကိုစေက သူ့ကို ငုံ့ကြည့်လာသည်။

"ဘာဖြစ်လို့လဲ"

အသံတွေပင် တုန်ယင်သည်အထိ ရင်ခုန်နေသည့်အတွက် အသံထွက်ကာ မဖြေမိတော့ ခေါင်းသာ ခါပြလိုက်သည်။ ထိုအခါ ကိုစေက အပြုံးတချို့ကို ပေးရင်း သူ့ ဆံနွယ်တွေကို နမ်းရှိုက်လာသည်။

အရိုင်းဆန်သည့် အပြုအမူတစ်ခုမှ မလုပ်သည့်တိုင် ဇေယျာတိုး၏ နှလုံးသားမှာ ယားယံလာပြီး တုန်ယင်နေသည့် နှုတ်ခမ်းများမှ ငြီးငြူသံများပင် ထွက်ကျတော့မလိုပင်။ တုန်ခါနေသော နှုတ်ခမ်းတို့ကို ဖိကိုက်ရင်း အသံများထွက်မလာအောင် ထိန်းသိမ်းလိုက်မိသည်။

သို့သော်လဲ နှလုံးအိမ်ရှိ ယားယံမှုများက မပျောက်ကွယ်သွား။ အသည်းယားသည်ဆိုတာ ဒီလိုခံစားချက်မျိုးများလား။ တကိုယ်လုံး ယားယံလာကာ တခုခုကို ကိုက်ဆွဲပစ်ချင်လာသည့် ခံစားချက်မျိုးလေ။ အသည်းယားရအောင် ဒီအောင်စေပိုင်ဆိုသည့်လူကြီးက ချစ်စရာကောင်းသည့် အနေအထားမျိုးလဲ မဟုတ်ပဲနဲ့လေ။

သူ့ဆံပင်တွေကို ဆက်ကာဆက်ကာ နမ်းရှိုက်နေသည့် အောင်စေပိုင်ကြောင့် နှလုံးအိမ်ရှိ ယားယံမှုများမှာ တကိုယ်လုံးသို့ ဆန်တက်လာခဲ့ပြီး သွားများပင် ယားယံလာသည်အထိဖြစ်လာခဲ့သည်။ သည်းမခံနိုင်သည့်အဆုံး ဆုပ်ကိုင်ထားသော အောင်စေပိုင့်လက်ကို ဆွဲယူကာ ကိုက်လိုက်မိသည်။

"အ့...."

ရုတ်တရက်မထင်ထားသည်မို့ အောင်စေပိုင်လဲ အာမေဋိတ်အသံထွက်ကျလာသည်။ သို့သော်လဲ ငြင်းဆန်ခြင်း ရုန်းဖယ်ခြင်းတော့ မပြု။

နာသွားမည်စိုး၍ အားကုန်မသုံးပဲ ဖြည်းဖြည်းသာ ကိုက်လိုက်ပြီးနောက် ပြန်လွှတ်ပေးလိုက်မိသည်။ သွားရာ အကွင်းလိုက်ကတော့ အောင်စေပိုင်၏ လက်မအရင်းနားတွင် ပေါ်နေသည်။ သို့ပေသိ သူ့ဆီကရှိနေသော အသည်းယားစဖွယ်ခံစားချက်များ ပျောက်ကွယ်မသွားသေးပါ။ အတတ်နိုင်ဆုံး သည်းခံနေပါသော်လဲ နောက်ဆုံးတွင် ထပ်သည်းမခံနိုင်တော့ပဲ ထိုနေရာပေါ်သို့ အားကုန်သုံး၍ ထပ်မံ ကိုက်ချလိုက်မိတော့သည်။

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now