[Unicode]
Chapter 1
ယွမ်ယွမ် အလုပ်ဆင်းဖို့ပြင်ဆင်နေတုန်း သူ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ယွီလင်းက သူ့ကိုပြောလာသည်။
"ဒီည တွေ့ဆုံစားပွဲရှိတာ မင်း မေ့မနေဘူးမလား?"
ယွမ်ယွမ် သူ့အလုပ်စားပွဲက အနည်းငယ်ရှုပ်ပွနေသည်ကြောင့် စားပွဲရှင်းရင်း ကိုယ့်ဟာနှင့်ကိုယ် ဗျာများနေတာနှင့်ပဲ ခေါင်းပင်မော့မကြည့်ဘဲ ဖြေလိုက်သည်
"ငါမှတ်မိတယ်"
ယွီလင်းတစ်ယောက် ပြောစရာစကားပျောက်သွားရ၏။ သူ ယွမ်ယွမ့်ပုံကြည့်ရုံနှင့်သိနိုင်သည်...ဒီကောင်မေ့နေတာ အသေအချာပင်။
သူ ဒီကောင့်ကို ဒီတိုင်း လွှတ်ထားပေးလိုက်လို့မဖြစ်ချေသေးဘူး...
"ဒီည ခုနစ်နာရီ၊ အရင်နေရာပဲနော်။ မနေ့က ငါတို့ပြောထားတယ်မလား ဘယ်သူတစ်ယောက်မှ မလာလို့မရဘူးလို့"
ယွမ်ယွမ် လက်ပတ်နာရီကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး
"ငါသွားစရာလေးရှိတယ်၊ ဒီလိုလုပ်ပါလား သူတို့ကို ငါနည်းနည်းနောက်ကျမှလာမယ်လို့ ပြောထားလိုက်။ စားလို့သောက်လို့အရှိန်ရသွားရင် ဘယ်သူမှ သတိတရမရှိတော့ပါဘူး"
ဒီအနေအထားမှာ ယွမ်ယွမ် တစ်ခုခု ထူးဆန်းလို့နေတာကို ယွီလင်း သတိထားမိသွားသည်
"ဘယ်သူ့ကိုသွားတွေ့မလို့လဲ? မင်းကောင်မလေးလား မဟုတ်ရင်.... မင်းမိဘတွေဆီလား?"
သူမှတ်မိသလောက်တော့ ယွမ်ယွမ်က တစ်ယောက်ယောက်ကို သွားတွေ့ဖို့အတွက်နှင့် ဘယ်တုန်းကမှ အခုလို အလျင်စလိုဖြစ် ပျာယာခတ်နေတာမျိုးမရှိဖူးပေ။
"ဒီနေ့ကငါမွေးနေ့၊ ချန်တုံလန်က ဒီည အိမ်မှာ ငါ့အတွက် ညစာပြင်ဆင်ပေးမယ်ပြောတယ်။ အဲ့တာ သူ အိမ်ရောက်တော့မှ ကြက်သွန်မြိတ်ဝယ်ဖို့ကျန်ခဲ့တာသတိရလို့တဲ့။ ငါပြန်လာရင် ဝင်ဝယ်လာခဲ့ပေးဖို့ပြောထားလို့"
ပြောနေရင်း ကုတ်အင်္ကျီကို ကပျာကယာ ကောက်ဝတ်ကာ
"ငါသွားတော့မယ်။ ဒီထက်နောက်ကျသွားရင် ဝယ်မရဘဲနေလိမ့်မယ်"