Chapter 8

9.5K 1.4K 50
                                    

[ Unicode ]

ချန်တုံလန်လည်း လိုက်ရယ်ပေမယ့် ခေါင်းဖော်မလာတော့။ ယွမ်ယွမ်ရယ်တိုင်း သူ အကြာကြီးဆက်မကြည့်ရဲပေ။

"ရေယူမလား?" ဆိုကာ ဧကရာဇ်မင်းကိုမင်းမှူထမ်းက လက်ဆောင်ပဏ္ဏာတော် ဆက်သသည့်ဟန်နှင့်မေးလေသည်။

ယွမ်ယွမ် ဒီနေရာအစုတ်ပလုတ်ကို စေ့စေ့စပ်စပ် လိုက်ကြည့်မိသည်။ "ငါရေမသောက်တော့ဘူး။ မင်းဗိုက်ဆာလား?"

ယွမ်ယွမ်မေးလိုက်တော့မှ သူတို့ သစ်တောဥယျာဥ်ကနေ အလောတကြီး ပြန်လာပြီး အခုထိလည်း ညစာမစားရသေးတာ ချန်တုံလန်တစ်ယောက် သတိရသွားတော့သည်။

ချန်တုံလန်က မေးသည် "မင်းဗိုက်ဆာလား? ငါ အခု ချက်လိုက်မယ်။"

"ချက်ဖို့ ဂတ်စ်ဖြင့် လုံးဝမရှိဘဲ မင်း ဘယ်လိုချက်မှာလဲ?"

"..."

ချန်တုံလန် ထိုအကြောင်းကို မေ့နေမိသည်။ သူ ဒီအိမ်ကို ပြောင်းတာ ကြာပြီဆိုပေမယ့် တစ်ခါမှ ဟင်းချက်မစားဖြစ်သေး။ မီးဖိုချောင်ထဲမှာ မသုံးဖြစ်တဲ့ မီးဖိုချောင်ပစ္စည်းတွေကလွဲလို့ ကျန်တာဘာမှမရှိ ဗလာနတ္ထိ။

ယွမ်ယွမ် သူ့မျက်ခုံးကို ပင့်ပြီးမေးလိုက်သည် "မင်းဘာတွေစားနေတာလဲ? အပြင်မှာထွက်စားဖြစ်တာလား?"

ချန်တုံလန် သူ့ကုတင်အောက်က သေတ္တာထဲမှာ သေတ္တာတစ်ဝက် အပြည့်ထည့်ထားသည့် အသင့်စားခေါက်ဆွဲခြောက်ထုတ်တွေရယ် ဗီဒိုထဲ ထည့်သိမ်းထားသည့် အခြားဘီစကစ်ထုတ်တွေရယ်အကြောင်း ရုတ်တရက် သတိရသွားပြီး ထစ်ထစ်အအ ဖြေလေသည်

"အင်း....မကြာမကြာပဲ။ အလုပ်ဆင်းရင် အပြင်မှာပဲတစ်ခါတည်းစားလိုက်တာက ပိုအဆင်ပြေတယ်လေ။"

"တကယ်လား?" ယွမ်ယွမ် ပိတ်မေးလိုက်သည်။

"တကယ်...." ယွမ်ယွမ်ပုံက သူလိမ်နေမှန်းသိနေပုံပေါက်နေတော့ သူပြန်မဖြေရဲတော့။

သူ အစားကို သေချာမစားတာမျိုးမဟုတ်၊ ဒီတိုင်း သူတစ်ယောက်တည်းဆို အစားစားတယ်ဆိုတာက သူ့ခန္ဓာကိုယ်အတွက်လိုအပ်လို့သာ စားရုံစားဖြစ်တာဖြစ်သည်။ ထွေထွေထူးထူး စိတ်ပါပါနှင့် ဘာစားချင်တယ်ရယ်လို့လည်းမရှိ။ ညစာကို အထူးတလည် သေချာချက်စားဖြစ်ရင်တောင် သူ့အတွက်တော့ ဘီစကစ်တွေ ခေါက်ဆွဲခြောက်တွေလောက်တောင် စားမကောင်း။

Loneliness (Completed)Where stories live. Discover now