chapter 16

8.8K 1.3K 38
                                    


[Unicode]

ချန်တုံလန် နိုးလာတော့ ပြတင်းပေါက်အပြင်ဘက်လောကမှာ မှောင်မည်းလျက်ရှိဆဲ။

တစ်နေ့ကို သူ ခုနစ်နာရီသာအိပ်သည်။ နောက်ကျမှအိပ်ဖြစ်ရင်တောင် မနက်စောစောထဖြစ်သည်။ စောစောမအိပ်ဖြစ်ရင် ပိုလို့တောင် စောပြီးနိုးလေ့ရှိသည်။

အလယ်တန်းတည်းက ကျောင်းနှင့်အိမ်ကဝေးတာကြောင့် မနက်ပိုင်းအချိန်ပိုထွက်အောင် ပြင်ဆင်တာက အကျင့်ဖြစ်လာသည်။

ချန်တုံလန် အိပ်ရာပေါ်မှာပဲ ထထိုင်လိုက်ပြီး နာရီကြည့်လိုက်တော့ မနက်လေးနာရီကျော်ပဲ ရှိသေးသည်။

ဖုန်းဖွင့်လိုက်တော့ ရှောင်ထယ့်ဆီက မက်ဆေ့စ်တွေ အများကြီး ဝင်နေသည်။ သူနှင့် အိုလီဗီယာတို့ လေယာဥ်ချိန်ရယ် နောက်နေ့ နေ့လည်လောက် အိမ်ပြန်ရောက်လောက်မည်ဖြစ်ကြောင်းရယ်နှင့် လေယာဥ်ဆိုက်ရင် သူ့ဆီဖုန်းဆက်မယ်တို့ ပြောထားသည်။ ပြောထားတဲ့အချိန်နှင့်ဆို လွန်ခဲ့တဲ့နာရီအနည်းငယ်တည်းက လေယာဥ်ထွက်သွားပြီးလောက်ပြီ။ သူ ချန်တုံလန့်ကို အိမ်ပြန်ပို့တော့ ယွမ်ယွမ်က သူ့ကို ရေနွေးတိုက်ဧည့်ခံပြီး သူနှင့် အိုလီဗီယာတို့ကို လေဆိပ်ပါလိုက်ပို့ပေးတာကြောင့် ယွမ်ယွမ့်ကို သူ့အစား ကျေးဇူးတင်တဲ့ကြောင်းပြောပေးဖို့လည်း ပြောထားသည်။

ချန်တုံလန် ဖုန်းကို မှင်သေသေနှင့် စိုက်ကြည့်နေသည်။

ပြီးခဲ့တဲ့ညက သူအရမ်းမူးနေပေမဲ့ အသိတော့ ခပ်ရေးရေး ရှိသေးသည်။ ယွမ်ယွမ် သူ့ကို ကုန်းပိုးထားတဲ့အချိန်မှာ ယွမ်ယွမ်စကားပြောလို့ နောက်ကျောက လှုပ်နေတာကို သူခံစားမိသည်။ နောက်တော့ သူ လုံးဝ အိပ်ပျော်သွားတော့သည်။

ဒီကမ္ဘာကြီးမှာ သူ့အတွက်တော့ ယွမ်ယွမ့်ဘေးနားမှာထက် ပိုပြီး စိတ်ချလက်ချနေနိုင်တဲ့နေရာမျိုး ရှာမတွေ့နိုင်ပေ။

သူ စားပွဲတင်မီးအိမ်ကိုမီးဖွင့်လိုက်ပြီး ခဏလောက် စာထိုင်ဖတ်နေလိုက်သည်။ ရောင်နီပျိုးစပြုလာတော့ ညကနှင်းကျထားသည်ကို ချန်တုံလန်တွေ့လိုက်ရသည်။ အပြင်ဘက်မှာ ပိတ်ပိတ်လှုပ်အောင် ဖြူဖွေးနေသည့် နှင်းပြင်ကျယ်ကြီး ရှိနေသည်။

Loneliness (Completed)Where stories live. Discover now