Chapter 7

8.9K 1.5K 50
                                    

[ Unicode ]

မြို့ထဲပြန်ရောက်တော့ အချိန်က မိုးတောင်ချုပ်လို့နေပြီ။ အေမီလေးကလည်း ရှောင်ကျိုးကို မှီထားလျက်အိပ်ပျော်လို့၊ ချန်တုံလန်ကတော့ ပင်ပန်းနေမဲ့ ကားမှန်ကို ခေါင်းမှီထားကာ အပြင်ကိုငေးကြည့်နေသည်။

ယွမ်ယွမ် အရင်ဆုံး စီနီယာနှင့် အေမီတို့ကို ဟိုတယ်အရင်ပြန်ပို့လိုက်သည်။

စီနီယာ့ယောက်ျားက ဟိုတယ်ကားပါကင်မှာ ရပ်စောင့်နေသည်။ စီနီယာက ဒီနေ့ဖြစ်တဲ့ကိစ္စ သူ့ကို ဖုန်းနှင့် အကြောင်းစုံ ပြန်ပြောပြထားတော့ သူလည်း တော်တော်လေး စိတ်ပူနေသည်။

စီနီယာ့ယောကျ်ားက ဘော်ဒီတောင့်တောင့်နဲ့ အရပ်လည်း တော်တော် ရှည်သည်။ ဆောင်းတွင်းကြီးကို သူ အပေါ်ထပ်တစ်ထည်သာ ဝတ်ထားပြီး အပြင်ထွက်စောင့်နေသည်။ သူ အေမီ့ကို ပွေ့ချီလိုက်သည်။ အေမီက သူ့အဖေ့ ရင်ခွင်ထဲမှာကျ ကလေးပိစိသေးသေးလေးလို ဖြစ်သွားတော့သည်။

သူက အင်္ဂလိပ်လို စကားလာပြောနေပေမယ့် ယွမ်ယွမ်က ကားထဲကဆိုတော့ သေချာ ရှင်းရှင်းမကြားရ။ ကြည့်ရတာ သူတို့ကို သူက နောက်တစ်ခေါက်ကျရင် ထမင်းတစ်နပ်လောက် ဖိတ်ကျွေးချင်တယ်လို့ ပြောတာဖြစ်လောက်မည်။

ဒီတစ်ခေါက်ကတော့ ရှောင်ကျိုးကိုအိမ်ပြန်ပို့ပေးရမည့်အလှည့်။ သူမ ဒီနေ့ ကိစ္စတွေ အများကြီး ကြုံလိုက်ရသည်။ ခြေချင်းဝတ် လည်သွားသည့်အပြင် တရားခံက သူ့ကိုတွန်းထုတ်လိုက်တုန်းကလည်း မြေပေါ်လဲကျသွားပြီး တံတောင်ဆစ်ပွန်းသွားသေးသည်။

ရှောင်ကျိုးတို့အခန်းက ဆယ့်ခြောက်ထပ်မှာမှန်း သိလိုက်ရတော့ ယွမ်ယွမ် သူမကို အပေါ်ထိ ပို့ပေးချင်မိသည်။

ရှောင်ကျိုးက ဆံပင်ကိုသပ်လျက် "ယွမ်လောင်တာ့ကို အလုပ်မရှုပ်စေချင်ဘူး။ ညီမ နံရံကိုအားပြုပြီး ဖြည်းဖြည်းချင်း တက်သွားလိုက်လို့ ရပါတယ်။ အထဲရောက်သွားရင်လည်း ဓာတ်လှေကားရှိတာပဲ။ ကိစ္စမရှိပါဘူး။"

"မင်းအဲ့လိုဖြည်းဖြည်းချင်းလျှောက်သွားရင် အိမ်ပေါ်ထိရောက်ဖို့ ညတစ်ဝက်လောက်ကြာသွားလိမ့်မယ်။" ယွမ်ယွမ်က နောက်ခန်းတံခါးကိုဖွင့်လိုက်ပြီး "လာ၊ ငါမင်းကို ကုန်းပိုးမယ်။"

Loneliness (Completed)Where stories live. Discover now