Chapter 9

8.8K 1.4K 16
                                    

[ Unicode ]

ယွမ်ယွမ် သူ့ကို လှစ်လျူရှုထား၏။

ညလယ်ခေါင်ဆိုတော့ ဆေးရုံမှာ လူလည်း များများစားစား ရှိမနေ။ နားနေဆောင်ထဲမှာလည်း သူတို့နှစ်ယောက်တည်းသာ...

တီဗီဖွင့်ထားပေမယ့် ညပိုင်းဆိုတော့ ကြော်ငြာတွေသာ တောက်လျှောက်ပြနေသည်။ နှစ်ယောက်သား စကားတစ်ခွန်းတောင်မဟဖြစ်ဘဲ တီဗီကိုသာ စိုက်ကြည့်နေမိကြသည်။

ချန်တုံလန် ယွမ်ယွမ်ကို စကားမပြောရဲ။ တီဗီမှာ အစီအစဥ်တင်ဆက်တဲ့လူက အဆီချပိန်စေတဲ့လက်ဖက်ရည်ရဲ့ မှော်အစွမ်းအကြောင်း ညွှန်းနေတဲ့ ကြော်ငြာ ငါးခါလောက်လာအပြီးမှာ ချန်တုံလန် ယွမ်ယွမ့်ဘက်ကို လှည့်ကြည့်လိုက်သည်။ ယွမ်ယွမ်က အိပ်ပျော်သွားပြီ...

ချန်တုံလန် အသံမထွက်အောင် သတိထား မတ်တပ်ရပ်လိုက်ပြီး ဆေးအိတ်ချိတ်ထားတဲ့တိုင်ကို တွန်းကာ သူနာပြုဆရာမတွေရှိတဲ့ကောင်တာကို လျှောက်သွားသည်။ ဆေးကောင်တာက သူနာပြုဆရာမဆီကနေ သူ စောင်တစ်ထည် တောင်းလိုက်သည်။ ထို့နောက် ဧည့်ဆောင်ဆီပြန်လာပြီး ထိုစောင်ကို သူလက်တစ်ဖက်တည်းနှင့် ယွမ်ယွမ့်ပေါ် ခက်ခက်ခဲခဲ ခြုံပေးလိုက်သည်။

ချန်တုံလန် သူ့ကိုယ်သူ လောဘကြီးတဲ့လူလို့ခံစားမိသည်။ အရင် နှစ်ကူးတွေနှင့် အခြားပိတ်ရက်တွေမှာဆို သူ ယွမ်ယွမ့်ကျန်းမာရေးကောင်းဖို့ရယ် ရောဂါအနာတရမဖြစ်ပါစေလို့ရယ်သာ ဆုတောင်းပေးနေကြ။ ဒါပေမယ့် အခုတော့ နောက်အခါတွေကစပြီး သူ့ဖို့သူပါ ဆုတောင်းမှဖြစ်တော့မည်။ သူအဆင်ပြေနေသ၍ ယွမ်ယွမ် ဒီလို အကျိုးမပေးတဲ့ သူ့လို သူငယ်ချင်းမျိုးအတွက် စိတ်ပူနေစရာမလို။

ယွမ်ယွမ့်မျက်နှာလေးကို ကြည့်တဲ့ဆီ စိတ်ကရောက်နေတော့ dripချိတ်ထားတာ ဘယ်တုန်းက ပြီးသွားလိုက်မှန်းတောင် မသိလိုက်။ လက်က နည်းနည်းနာလာတာ သတိထားမိမှ ဆေးအိတ်ထဲကို သွေးတွေ ပြန်စီးနေတာ တွေ့လိုက်ရသည်။

အပ်ဖြုတ်ဖို့ သူနာပြုကိုသွားရှာတော့ ယွမ်ယွမ်က အိပ်မောကျဆဲ။ ဆေးရုံထိုင်ခုံကသက်တောင့်သက်သာမရှိတာကြောင့် သူကိုယ်တိုင်လည်း ခုံမှာအကြာကြီး အိပ်ပျော်သွားပြီး နိုးလာတော့ ပုခုံးတွေ နောက်ကျောတွေနာနေသည်။ သူ ယွမ်ယွမ့်အိပ်နေတာကို နှစ်နှစ်ခြိုက်ခြိုက် ဆက်အိပ်နေစေချင်ပေမဲ့ ယွမ်ယွမ်ကို သူ့လိုမခံစားရအောင် နှိုးလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

Loneliness (Completed)Where stories live. Discover now