2 🪢

2.9K 365 160
                                    

မျက်ခုံးနှစ်ခုကိုတွန့်ကုတ်ကာ Laptop ထဲခေါင်းဝင်တော့မတတ်အသည်းအသန်အာရုံစိုက်နေမိတာကြောင့်ညောင်းကိုက်လာသည့်မျက်ရိုးကိုလက်ညှိုးနှင့်လက်မဖြင့်ဖိနှိပ်နေရင်းသူ့အလုပ်စားပွဲနှင့်မလှမ်းမကမ်းတွင် ငြိမ်ငြိမ်ကလေးထိုင်ကာစာရွက်အလွတ်တစ်ခုပေါ်တွင်တစ်စုံတစ်ရာကိုကြိုးစားပမ်းစားရေးခြစ်နေသည့်ဟူချူထံအကြည့်ရောက်သွားမိတော့ သူ့မျက်လုံးလေးပြူးဝိုင်းသွားပြီးလက်မှနာရီကိုမြှောက်ကြည့်လိုက်မိသည်။ နေ့လည်စာစားချိန်ရောက်နေတာတောင်ထူးထူးဆန်းအိန္ဒြေရနေတဲ့ဟူချူကိုကြည့်ပြီးအံ့အားသင့်မိသွားတာတော့အမှန်ပင်။

"Appa ရဲ့မင်းသားလေးကငြိမ်လှချည်လား။ ဘာတွေများဒီလောက်တောင်ကြိုးစားပမ်းစားရေးနေတာလဲ"

သူ့အသံကြားတော့ဟူချူကမျက်နှာလေးမော့လာပြီးသွားလေးတွေပေါ်အောင်ရယ်ပြသည်။

"Appa ပုံဆွဲနေတာ"

"Appa ပုံ?"

"အင်း"

ဟူချူကစားပွဲပေါ်လက်လေးနှစ်ဖက်တင်လျက်စူးလက်နေသည့်မျက်လုံးဝိုင်း​လေးများဖြင့်သူ့မျက်နှာကိုလှမ်းငေးကာ..

"ဟူချူ့ Appa ကလှတယ်။ မုန့်ဆိုင်ကအန်တီကြီးကလည်းပြောတယ်.. Appa ရဲ့အသားအရေကမိန်းကလေးတွေထက်တောင်လှတယ်တဲ့"

"ဟုတ်လား.. ဒါဆို.. နောက်ကြုံရင် အဲ့ဒီ့မုန့်ဆိုင်ကအန်တီကြီးကိုလက်ဆောင်တစ်ခုခုပေးရဦးမယ်။ ဒါပေမယ့်.. လှတယ်ဆိုတာမိန်းကလေးတွေကိုပဲပြောလို့ရတာချူချူရဲ့။ ယောက်ျားလေးတွေကိုကျတော့ခန့်တယ်.. ချောတယ်.. အဲ့လိုပြောရတယ်"

သူကဟူချူ့ကိုအပြုံးမျက်နှာဖြင့်ပြောရင်းသူ့အာရုံတွေကို Laptopဆီသို့ပြန်ပို့လိုက်၏။ ဒီနေ့အပြီးလုပ်ရမယ့်စာရင်းဇယားတွေကလည်းမပြီးပြတ်နိုင်သေးဘူးမဟုတ်လား။

"ယောက်ျားတွေကိုလှတယ်လို့မပြောရဘူးလို့ဘယ်သူကသတ်မှတ်ထားတာလဲ။ ဘယ်စာအုပ်ထဲမှာပါလဲ"

ဟူချူကသူ့စကားကိုကျေနပ်ဟန်မတူဘဲမျက်မှောင်လေးကြုံ့ပြီးမေးတော့ keyboard ပေါ်မှာပြေးလွှားနေသည့်သူ့လက်ချောင်းလေးတွေရပ်သွားသည်။ ဟူချူ့မှာ.. ဆုံးမစကားကိုပဲဖြစ်ဖြစ်၊ သူဒီအတိုင်းအမှတ်မထင်ပြောလိုက်မိသည့်စကားကိုပဲဖြစ်ဖြစ်ချက်ချင်း 'ဟုတ်ကဲ့' လို့ခေါင်းမညိတ်တတ်ဘဲမေးချင်တာကိုသပ်သပ်ထုတ်နုတ်မေးမြန်းတတ်သည့်အကျင့်လေးရှိတာကိုမေ့ပြီးပြောလိုက်မိတော့အခု.. ပြန်ဖြေရမယ့်အဖြေကိုအပြေးအလွှားစဥ်းစားနေရပြီ။

Tie the Knot (✔️)Where stories live. Discover now