9 🪢

2.9K 330 175
                                    

တိမ်စိုင်တစ်ဆုပ်ကသူ့အနားမှာဝေ့ခနဲဝဲခနဲဖြတ်,ဖြတ် ပြေးသွားသည်။ သူ့ခန္ဓာကိုယ်လေးသည်လေဟာနယ်ထဲပစ်မြှောက်ခြင်းခံလိုက်ရသလိုမျိုး.. သိမ့်သော၊ ညိမ့်သောဝေဒနာတို့ကခန္ဓာကိုယ်အနှံ့အပြားသို့မွှေနှောက်စီးဆင်းသွား၏။ ထိုအခိုက်အတန့်လေးကိုအမိအရဖမ်းဆုပ်မိစဥ်.. ရင်ထဲမှာသန္ဓေတည်လာတဲ့ကြည်နူးလှိုက်ဖိုမှုလေးက ဘယ်အရာနဲ့မှခိုင်းနှိုင်းလို့မရအောင်ခမ်းနားဆန်းကြယ်လှပါဘိ။

လူတွေပြောပြောနေကြတဲ့နိဗ္ဗာန်ဘုံဆိုတာဒါမျိုးကိုး.. ဟုတွေးရင်းအရုဏ်ဦးအစမှာပျံသန်းဖို့အသင့်ဖြစ်နေတဲ့ငှက်လေးတစ်ကောင်လို ဟိုးအရှေ့ကိုမျှော်ကြည့်လိုက်တော့ပြာလဲ့လဲ့မိုးသားကိုကျယ်ပြောစွာတွေ့ရ၏။ တိတ်ဆိတ်မှုတို့ကလည်း အနူးညံ့ဆုံးဆွဲဆောင်မှုဖြင့်လွတ်လပ်ခြင်း၊ လျှို့ဝှက်ခြင်းတို့ထံခေါ်ဆောင်ဖို့နေရာအနှံ့တွင်သူ့ကိုအသင့်စောင့်ဆိုင်းနေသလိုပင်။

ထို့နောက် သူ့နှာခေါင်းဝသို့တိုးဝင်လာသည့် နှစ်လိုဖွယ်ကောင်းတဲ့အနံ့.. လတ်ဆတ်တဲ့အနံ့.. လူသားဆန်တဲ့အနံ့။ သူ နှာခေါင်းလေးတရှုံ့ရှုံ့ဖြင့်ရနေသောရနံ့ကိုပိုမိုပီပြင်လာအောင်အနံ့ခံကြည့်လိုက်သည်။ ဒါပေမယ့်.. ဘာကြောင့်ရယ်မသိဘဲသူအသက်ရှူရတာခက်ခဲနေ၏။

ပြီးတော့လေးလံတဲ့အရာတစ်ခုကလည်း သူ့လည်ပင်းကိုဖိထားသေးသည်။ ဘာကြီးပါလိမ့်.. သစ်တုံးကြီးများလား။ ကြာလေ, ကြာလေအသက်ရှူကျပ်သလိုဖြစ်နေရတာမို့သူ့ခန္ဓာကိုယ်ကိုလူးလွန့်ကာရုန်းကြည့်ပေမယ့်အရာမထင်.. ဒုက္ခပါပဲ.. ဘီလူးစီးခံနေရပြီထင်တယ်။ တတ်သလောက်မှတ်သလောက်ဘုရားစာတွေရွတ်ကြည့်သော်လည်း မလွတ်မြောက်နိုင်သဖြင့် ခုနကကြည်နူးရွှင်မြူးနေမိသည့်စိတ်တို့သည်ရုတ်ခြည်းဆိုသလို တုန်လှုပ်ချောက်ချားခြင်းများအဖြစ်ပြောင်းလဲသွားသည်။ ထိုစဥ်.. သူ့နားထဲမှတစ်ချက်တစ်ချက်ကြား,ကြားနေရတဲ့လေချွန်သံလိုလို တရှူးရှူးအသံကြောင့်သိချင်စိတ်များဖြင့်ဘေးဘီကိုငဲ့ကြည့်လိုက်တော့...

"အမလေး.. ကယ်ကြပါဦး! ဘာကြီးလဲ"

လို့အကျယ်ကြီးအော်မိလိုဖြစ်ပြီးမှချက်ချင်းဘရိတ်အုပ်လိုက်ရသည်။ သူ့မျက်စိရှေ့မှာမြင်နေရသည်က.. အမွှေးအမျှင်တွေနဲ့ သွေးလန့်ဖွယ်သတ္တဝါမည်းမည်းကြီး.. ထိုသတ္တဝါကြီးသည် သူ့လည်ပင်းပေါ်တွင်လက်တစ်ဖက်တင်ထားပြီး သူ့ခေါင်းအုံးထက်သို့မျက်နှာအပ်ကာ မှောက်လျက်အနေအထားဖြင့်..... နေဦး... သတ္တဝါကြီးဘယ်ဟုတ်ပါ့မလဲ.. လူတစ်ယောက်ပဲ။ ဟူး.. တော်ပါသေးရဲ့.. မှောက်လျက်ကြီးဆိုတော့ အိပ်ချင်မူးတူးနဲ့ဆံပင်မွှေးတွေအရင်မြင်ပြီးမကောင်းဆိုးဝါးမဲမဲကြီးများလားလို့.. လန့်သွား.. သွား... ဟင်! ဘယ်ကလူက ငါ့ကုတင်ပေါ်ရောက်နေတာလဲ။ အိပ်မက်များမက်နေတာလား...

Tie the Knot (✔️)Where stories live. Discover now