part (10)

1.5K 233 7
                                    

[Zawgyi]

Jimin's point of view

ဂျောင်ကုစံ တို့အိမ်မှာနေတဲ့ တစ်နွေလုံးလိုလို ကျနော် အချက်အပြုတ်သင်တန်းကိုပဲ အာရုံစိုက်နေခဲ့တယ်။
အချက်အပြုတ်ကို ဘယ်လောက်တောင်မှ အရူးအမူး ဖြစ်နေသလဲ ဆိုရင် အစားအသောက်နဲ့ ပတ်သတ်တဲ့
အခြေခံသဘောတရား ၊ လက်တွေ့အသုံးချခြင်း ဆိုတဲ့ စာအုပ်လေးကို ဝယ်ပြီး ထပ်တလဲလဲကို လေ့လာနေမိတော့တာ။

ဘတ်စ်ကားတိုးစီးနေရင်းပဲဖြစ်ဖြစ် ဆိုဖာပေါ်လှဲနေတဲ့ အခါမှာပဲဖြစ်ဖြစ် အဲ့ဒီချက်နည်းပြုတ်နည်း သဘောတရားတွေကိုပဲ သဲကြီးမဲကြီး ဖတ်နေမိတယ်။
စာအုပ်ထဲကအတိုင်း ကယ်လိုရီ ၊ အပူချိန် အဲ့ဒါမျိုးတွေအထိ အလွတ်ကျက်မှတ်နေမိတယ်။ အချိန် အားလိုက်တာနဲ့ ကျနော်မီးဖိုထဲဝင် ပြီးရင် ဟင်းတွေ တစ်မျိုးပြီးတစ်မျိုး စမ်းပြီးချက်ကြည့်နေခဲ့တာ။

ကျနော်သွားလေရာ နေရာတကာယူသွားပြီး သုံးပါများလွန်းလို့ စာအုပ်ကလေးက ညစ်ပေပြီး ပြဲစုတ်နေလေရဲ့။ကျနော်ငယ်ငယ်က နှစ်သက်ပြီး စွဲစွဲမြဲမြဲ ဖတ်ခဲ့ရတဲ့ ရုပ်ပြစာအုပ်လေးတွေရဲ ဘယ်နေရာမှာ ဘာပုံပါတယ်ဆိုတာက မှတ်မိနေသလို ဟင်းချက်စာအုပ်ထဲက အရာတွေ ကိုလည်းကျနော် လုံးဝမှတ်မိနေတော့တာ။

ကျနော် အဲ့လိုတွေဖြစ်နေလို့ အဲရီးကိုး နဲ့ ဂျောင်ကု ကတောင် ဂျီမင်းစံတစ်ယောက် သွားရှာပြီလို့ နောက်နေကြသေးတယ်။

အင်း..သူတို့ပြောမယ်ဆိုလည်း ပြောစရာပဲ။ ကျနော် တစ်နွေလုံး ဟင်းတွေ တစ်မျိုးပြီးတစ်မျိုး ပြောင်းချက်နေတာ။တစ်ခုခုမှားပြီး အဆင်မပြေ ဖြစ်သွားရင် နောက်တစ်ခါ ပြန်ချက်ရရော။ ကျနော် အချိန်ပိုလုပ်ပြီး စုထားသမျှ ငွေလေးလည်း ဟင်းချက်စရာဝယ်ရတာနဲ့ကို မလောက်ငှနိုင်ဘူး။ကျနော်က တစ်ခုမှားတာနဲ့ ပျာလောင်ခပ်ကုန်ရော။

ဒါပေမယ့် ကောင်းတာတစ်ခုက ကျနော့်ဝါသနာ ကြောင့်ပဲ သုံးယောက်သား ဟင်းကောင်းကောင်းတွေ တစ်နွေလုံး မရိုးဘဲ ပျော်ပျော်ပါးပါး စားခဲ့ကြရတယ်။

လေညှင်းလေးတွေ တဖြူးဖြူးတိုက်ခတ်တတ်တဲ့ ညနေခင်းမျိုးတွေမှာ ကျနော် နေဝင်စ ကောင်းကင်ကိုကြည့်ရင်း မီးဖိုချောင်ဝင်ရတာ သဘောကျတယ်။ အသားအလွန်နူးညံ့တဲ့ ဝက်စတူးရေခဲစိမ် ၊ တရုတ်ခေါက်ဆွဲပြုတ်နဲ့ သခွားသီးသုတ်လက်လက်ဆတ်ဆတ် တွေကို ကျနော်တို့ သုံးယောက် မြိန်ရေယှက်ရေ ပျော်ပျော်ကြီး စားခဲ့ကြသေးတယ်။ ကျနော်ချက်သမျှကို ဘာမှစောဒကမတတ်ဘဲ အားရပါးရ စားတတ်တဲ့ သူတို့သားအမိနှစ်ယောက်အတွက် ဟင်းတွေ အမျိုးမျိုး ချက်ကျွေးခဲ့တယ်။

The Kitchen[completed]Where stories live. Discover now