Part 7

10.6K 886 247
                                    

(Uni)

ကထိန်မဏ္ဍပ်ကြီးဆီကနေ ကျယ်လောင်စွာပျံ့လွှင့်လာတဲ့ သီချင်းသံများအကြား ပျားပန်းခပ်မျှအောင် စည်ကားနေပြီဖြစ်တဲ့ သပြေညိုရပ်ကွက်ကြီးမှာ မနက်စောစောအချိန်တည်းကပင် စတင်လှုပ်ရှား သက်ဝင်နေခဲ့ရသည်။

ယနေ့အလှူပွဲကြီးမှာ အလှူလှည့်လည်ကြမယ့် ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင် အချောအလှအပျိုလေးများက အလှပဆုံးဖြစ်ရအောင်လို့  ဖြီးလိမ်းပြင်ဆင် ခြယ်သနေကြပြီဖြစ်သည်။ ဒါ့အပြင် ရပ်ကွက်သုံးခုရဲ့ စုပေါင်းမဟာဘုံကထိန်ပွဲကြီးလည်း ဖြစ်နေသည်မို့ တစ်ဖက်နဲ့တစ်ဖက်မှာ သူ့ထက်ငါအပြိုင်ပင် အများရှေ့ဝယ် ထုတ်ဖော်ပြသလိုစိတ်များက ပို၍အလေးသာနေသည်။

ဒါတင်မကသေး..၊ လှပျိုဖြူလေးများကို ပိုးပန်းဖို့ရာစောင့်နေကြတဲ့ ကာလသားများမှာလည်း ဒုနဲ့ဒေးပင်။ အခြေအနေက မှန်းချက်နဲ့နှမ်းထွက် မကိုက်လာရင်တောင်မှ ငါးမရရေချိုးပြန်ဖို့ကိုချည်း တွေးထားကြသူတွေပဲမို့ အရှုံးတော့မရှိလှသယောင်။

အခြားတစ်ဖက်မှာတော့ တစ်ရပ်ကွက်လုံးနဲ့ တစ်အိမ်ဖြစ်နေတဲ့ ခညောင်းဦးတို့မိသားစုက သပြေညိုရပ်ကွက်ထဲမှာ ဘာပွဲတွေပဲရှိလာပါစေ..၊ လားလားမျှမသက်ဆိုင်သလို နေထိုင်ခဲ့ရတာဖြင့် ဆယ်စုနှစ်တွေတောင် ကျော်လွန်လာခဲ့ပါပြီ။ ဘယ်သူကမှစပြီး တကူးတက ဖိတ်ခေါ်လာခြင်းမျိုးတွေ မရှိခဲ့သလို သတိတရ မေးမြန်းလာခြင်းမျိုးလည်း မခံခဲ့ရပေ။

အခုလိုအလှူအတန်း မင်္ဂလာယူချိန်မျိုးတွေမှာဆိုရင် ခညောင်းဦ်းတို့မိသားစုကို မမြင်တွေ့ရလေ မင်္ဂလာပိုရှိလေပဲမို့ သူတို့ခမျာ ရပ်ကွက်ရဲ့မျက်စိရှေ့မှောက်ကို မရောက်မိစေဖို့သတိထားရင်း အိမ်ထဲတွင်သာနေကြရသည်။ ဒါပေမဲ့လည်း..၊ ကြီးမေကို လိုက်ကူပေးမယ်ပြောထားခဲ့တဲ့ ခညောင်းဦးကတော့ ယနေ့တွင်ကထိန်ခင်းမည့် ဘုန်းကြီးကျောင်းရှိရာဆီသို့ မတတ်သာစွာနဲ့ခြေချရပါဦးမည်။

ရေချိုးခေါင်းလျှော်ထားသည့် ခညောင်းဦးက တင်ပါးကျော်သည်အထိ ရှည်လျားနေပြီဖြစ်တဲ့ ဆံနွယ်ရှည်တွေကို လေသလပ်အောင်ဖြန့်ချထားပြီး ကျောက်ပျဉ်အရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ပြီးနောက် အပွေးမရှိတော့တဲ့သနပ်ခါးတုံးနဲ့ ခရေပန်းပွင့်ငယ်များကို ရောကြိတ်သွေးယူနေချိန်မှာပဲ မိခင်ဖြစ်သူက ဘေးနားလာထိုင်တာကြောင့် နှစ်လိုဖွယ်ကောင်းစွာ ခညောင်းဦး လှမ်းရယ်ပြမိသည်။

ငပြူးငလူးWhere stories live. Discover now