Part 31

5.8K 563 116
                                    

(Uni)

နေ့လယ်တည်းကစလို့ ဘာအစာမှမရှိထားခဲ့တဲ့ ဝမ်းအိမ်မှာ အချိန်အတော်ကြာ လစ်ဟာနေသည့်တိုင်အောင် ဆာလောင်မှုဒဏ်ကို ခညောင်းဦး မခံစားမိသေး‌ချေ။ ထိုအစား ရင်အစုံရဲ့ ပူလောင်မှုကသာ ပို၍ ကြီးစိုးနေခဲ့ရသည်ထင်..။

တစ်နေကုန် တင်းကြပ်နေခဲ့တဲ့ ခံစားချက်များကို သက်သာလိုငြား ဖွင့်ထုတ်နိုင်ဖို့ရန်အတွက် ခညောင်းဦးအနေနဲ့ ငိုကြွေးဖို့ပင် အင်အားမရှိပါတော့ချေ။ တစ်ကိုယ်လုံးမှာလည်း ချွေးအေးတွေ တောက်လျှောက်ထွက်နေပြီး လူကဖျားချင်ချင်ပင် ဖြစ်နေခဲ့ရသည်။

ဘဝတစ်လျှောက်လုံး..၊ ကိုယ့်ဘက်က တန်ဖိုးထားရတဲ့ အရာအားလုံးကို သေချာဆုပ်ကိုင်ထားနိုင်ဖို့ ကြိုးစားနေရင်းနဲ့ပဲ လက်လွှတ်လိုက်ရတာတွေချည်း များပြားလာခဲ့ရသည်။ တွေးမိလိုက်တိုင်းမှာ စိတ်နာရလွန်းလို့ ကိုယ့်ကိုယ်ကိုယ်တောင် မုန်းပစ်ချင်လာသည်အထိ။

ဒေါ်ခင်နှင်းကြည်ခမျာလည်း ရင်ပူလွန်းအားကြီးတာကြောင့် မကြာခဏ ရေထသောက်နေရသည်မှာ အမော..။ ဒေါ်ဖြူဖြူမောင်ဆိုရင် ယခုချိန်ထိတိုင် အိပ်ခန်းထဲကနေကို တစ်ဖဝါးမှ မခွာခဲ့သေးပေ။

ထို့အပြင် ဒေါ်ဖြူဖြူမောင်နဲ့အတူ တစ်ခန်းတည်းနေလာခဲ့တဲ့ ဒေါ်ခင်နှင်းကြည်က ခညောင်းဦးနေနေဆဲ တစ်ဖက်အိပ်ခန်းဆီကို ယနေ့ညမှစ၍ ပြောင်းလာခဲ့လေသည်။ သို့သော်..။

မြေးအဘွားနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကျောခိုင်းနေမိရုံတင်မက..၊ ယခုချိန်အထိလည်း စကားတစ်လုံးတောင်မှ မဟနိုင်ကြသေးချေ။ အပြန်အလှန်အားဖြင့်ဆိုရင် ကိုယ်စီကိုယ်ငှ ပြောစရာတွေ များပြားနေခဲ့ပေမယ့် တစ်လုံးတစ်ပါဒမျှ ထွက်အံမကျနိုင်လောက်အောင် ခဲယဉ်းနေကြရှာသည်။

တီတီ!

ခေါင်းအုံးဘေးထားထားတဲ့ ဖုန်းကနေ vibrate သံ မြည်လာတာကြောင့် ခညောင်းဦး ဖွင့်ကြည့်လိုက်ရာ..။ မမျှော်လင့်ပါဘဲနဲ့ လူးလွန့်မောင်ဆီက message တစ်စောင် ဖြစ်နေခဲ့သည်။ ထိုအခါ လှဲအိပ်နေရာမှ ခပ်ဖြေးဖြေးထထိုင်လို့ ဘေးတွင်ရှိနေတဲ့ ဒေါ်ခင်နှင်းကြည်ကို အသာလေး ငဲ့စောင်းကြည့်လိုက်မိသည်။

ငပြူးငလူးWhere stories live. Discover now