Part 35

8.3K 639 94
                                    

(Uni)

ပူပြင်းပြင်း နွေခေါင်ခေါင်အလယ်တွင် ဖြတ်ဆင်းကာ တိုက်ခတ်လာခဲ့သည့် လေပြေညင်းများကြောင့် ယခုနှစ်နွေအဖို့ လောင်မြိုက်ခြင်းအဟုန်ကို မခံစားမိလောက်တော့ပေ။

နဖူးပေါ် ဝေ့ဝဲကျလာတဲ့ ဆံနွယ်မျှင်လေးများကို လူးလွန့်မောင် သပ်တင်ပေးလိုက်ချိန်တွင်..၊ မော့ကြည့်နေခဲ့တဲ့ မျက်ဝန်းငယ်လေးကဖြင့် စကားလုံးများစွာအား ပြောပြပေးနေသယောင်။ အဓိပ္ပါယ်များ ဖွင့်ဆိုလို့ရပါလျှင် ယခုချက်ချင်း ရင်ခွင်ကျယ်ကြီးဆီ ခိုဝင်လျက်သာ တဖွဖွ ပြောမိနေလိမ့်မည်။

ရင်နှင့်ရင်း၍ ချစ်ခဲ့ရသူကြီးကို နေ့စဉ်နှင့်အမျှ လွမ်းဆွတ်ခဲ့ရပါသည်။ ထို့အတူ ခညောင်းဦးအဖို့ နောင်တတရားတွေမှာလည်း ဆိုဖွယ်ရာပင် မရှိခဲ့တော့ချေ။

" လူတစ်ယောက်လုံး မြင်နေတာတောင် ဘာမှပြောစရာ မရှိဘူးလား..။ တွေ့အောင်ရှာမယ့် ကတိစကားကို ဒီလူကတည်အောင် လုပ်နိုင်ခဲ့တယ်နော် "

" ..... "

" အဟမ်း! တစ်ခုခု ပြောကြည့်လေ..။ နားထောင်ပြီးမှ မင်းကိုဘယ်လို အပြစ်ပေးရမလဲဆိုတာကို ဆုံးဖြတ်.. "

စကားပင် မဆုံးလိုက်ရပါသေး..။ အင့်ခနဲနေအောင်လို့ ရင်ခွင်ထဲ တိုးဝင်လာသူလေးက လူးလွန့်မောင်ကို တင်းကျပ်စွာဖြင့် ပွေ့ဖက်ထားလေတော့သည်။

" တောင်းပန်ပါတယ်.. "

" ..... "

" အင့်! ငါ တောင်းပန်ပါတယ်.. မောင်ရယ် "

ဝမ်းနည်းပက်လက် ဆိုညည်းလာသံလေးက တိုးလျလှပါသော်လည်း လူးလွန့်မောင် နားထဲတွင်တော့ ကျယ်လောင်စွာဖြင့် တိုးဝင်လာခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် လက်မခံလိုသူအတွက် ယင်းစကားလုံးမှာ အလွန်အမင်း ခါးသက်လွန်းသည်လေ။

" ဒါပဲလား "

" ဟင်.. "

" ဒါပဲလားလို့.. "

ထိုအခါ ခပ်ပြတ်ပြတ်အပြောကြောင့် ခညောင်းဦးခမျာ လန့်သွားပြီး ဖက်တွယ်ထားမိသူကြီးကို ချက်ချင်းခွာဖို့ အလျင်ပြင်လိုက်သည်။ သို့သော် လူးလွန့်မောင်ကတော့ အခွာမခံလေဘဲ လက်တစ်ဖက်တည်းနဲ့ ခညောင်းဦးရဲ့ခါးလေးကို အသာဖမ်းထိန်းလို့ မျက်လုံးချင်းဆုံစေသည်။

ငပြူးငလူးWhere stories live. Discover now