(Uni)
လူးလွန့်မောင် ရောက်သည့်နေ့တင်..၊ အခြားသော ရွှေဧည့်လာများမှာလည်း ဘုန်းကြီးကျောင်းရဲ့ တည်းခိုဆောင်တွေကနေ လျှံထွက်ကျမတတ်ကို တဖွဲဖွဲနဲ့ ရောက်ရှိလာခဲ့ကြသည်။
ပန်းချီပညာဒါန သင်ပေးမယ့်အဖွဲ့မှာ လူဆယ်ယောက်ရှိတာကြောင့် အခန်းနှစ်ခန်း ပြည့်သွားခဲ့သလို ဆံသဆရာ သုံးယောက်အတွက်လည်း အခန်းနှစ်ခန်း သီးသန့်ပေးထားရသည်။ ထို့အပြင် ကျောင်းဆောင်သစ်ကြီးက ဆောက်လုပ်နေဆဲဖြစ်လို့ ဆရာတော်ကိုယ်တိုင် လုပ်အားပေးအဖွဲ့များကို ရွာထဲကနေ လိုအပ်သလောက် ထပ်မံခေါ်ယူထားလေသည်။
သို့ဖြစ်၍ တည်းခိုဆောင်နှစ်ဆောင်ရှိ အခန်းတိုင်းအားလုံးမှာ နေရာလပ်ပင် မကျန်ရှိတော့ချေ။
" ဒီဧည့်သည် နှစ်ယောက်ကိုရော.. ကျွန်တော်တို့ ဘယ်အခန်းထဲမှာ နေရာချကြမလဲဟင် "
အဆောင်လှေကားထစ်တွင် ထိုင်ပြီး ခေါင်းကုတ်မေးလာတဲ့ ထူးထူးလေးကို ကြီးကြပ်ရေးဆရာ ညီသန့်စင်က လှမ်းကြည့်လိုက်သည်။ အလှူရှင်တွေ သိပ်မရှိလို့ စိတ်ညစ်နေရှာတဲ့ ထူးထူးလေးခမျာ တစ်နေ့ တစ်မနက်တည်းနဲ့ အလှူရှင်တွေ ရောက်ချလာပြန်တော့လည်း ခေါင်းကိုက်ရလေပြီ။
ထိုအခါ ညီသန့်စင်က ဆုံးဖြတ်ချက်တစ်ခုနဲ့အတူ..၊ ဖုန်တလူးလူးပေနေတဲ့ ကားအမည်းဘေးတွင် ရပ်နေကြပါသော လင်းခန့်ကျော်နဲ့ မင်းသန့်ပိုင်တို့ဘက်ကို ပြန်လှည့်လာခဲ့သည်။
" ဒီလိုပါဗျ။ အရံရှိထားတဲ့ အခန်းတွေက ဒီနေ့မှ အကုန်ပြည့်သွားလို့လေ။ အဲ့ဒါ အဆင်ပြေမယ်ဆိုရင်.. ကျွန်တော့်အခန်းထဲမှာပဲ နေလိုက်ကြမလား "
" ဟင်! အာ့ဆို ဆရာညီကရော.. ဘယ်သွားနေမှာလဲ "
ထူးထူးလေးအမေးကို ညီသန့်စင်က ဆံပင်သပ်ရင်းနဲ့ လှမ်းဖြေပေးလာသည်။
" ဘယ်တတ်နိုင်မှာလဲ..။ ဒီရက်ပိုင်းကတော့ မင်းနဲ့ပဲ လာနေရမှာပေါ့ကွာ "
" ဪ.. ဟုတ်ဟုတ် "
ခွင့်တောင်းခြင်းလည်း မလုပ်ဘဲနဲ့ သူ့အခန်းထဲဇွတ်တရွတ် ပြောင်းလာမယ့်သူကြီးကို ထူးထူးလေးခမျာ မတတ်သာစွာဖြင့် လက်ခံလိုက်ရပါသည်။
YOU ARE READING
ငပြူးငလူး
General Fictionပဲပြုတ်သည်ငပြူးနဲ့ ဆိုက်ကားဆရာငလူးတို့ရဲ့ story လေးတစ်ပုဒ်