Part 10

9.8K 809 239
                                    

(Uni)

ကလင်..ကလင်..!

ဆောင်းမနက်ခင်း အစောပိုင်းအချိန်တွင် နိဗ္ဗာန်ဆော်ရဲ့ကြေးစည်သံနဲ့အပြိုင် ခပ်လွင်လွင်ပေါ်ထွက်လာတဲ့ ဘဲလ်သံလေးနှစ်ချက်..။

လူးလွန့်မောင် ရောက်လာပြီဆိုတဲ့အသိနဲ့ ပဲပြုတ်နေတာကို အလျင်လက်စသတ်လို့ ကြမ်းခင်းတွေပေါ် ခြေသံဖွဖွပြုရင်း ခညောင်းဦး လျှောက်လာမိလေသည်။ အိမ်အောက်မဆင်းခင်လေးမှာပဲ အိပ်ခန်းထဲဝယ် အိပ်စက်နေကြတဲ့ လူကြီးတွေရဲ့အခြေအနေကိုပါ ခညောင်းဦး လည်ပင်းလေးဆန့်လို့ ချောင်းမြောင်းကြည့်ရပါသေးသည်။

အဘယ်ကြောင့်ဆိုသော် မနက်ခင်းစောစောမှာ ဆီဆမ်းထားတဲ့ပဲပြုတ်ထမင်း ပူပူလေးစားချင်သည်ဟု တောင်းဆိုထားသူအတွက် မီးဖိုခန်းထဲဝယ် တစ်ကိုယ်တည်းကြိတ်ကာ ပြင်ဆင်နေမိ၍ပင်။ ခညောင်းဦးအဖြစ်က မဟုတ်တာကို ခိုးလုပ်ထားမိသူသကဲ့သို့ မလုံမလဲတွေဖြစ်ပြီး စိတ်လှုပ်ရှားနေခဲ့သည်လေ။

ထို့ကြောင့် အားလုံးအိပ်မောကျနေတာ သေချာပြီဆိုမှပဲ ခြံအပြင်ဘက်ကို ခညောင်းဦးလှစ်ခနဲထွက်ကာ လူးလွန့်မောင်ကို အပြေးကြိုလေတော့သည်။

" ငလူး.. အစောကြီးပဲ "

" အဟွန်း! မနက်ခင်းလေးမှာ ရုတ်တရက် အဆဲခံလိုက်ရသလိုပါပဲလား "

ဆိုက်ကားပေါ်ကနေ မေးထောက်ကြည့်နေတဲ့ လူးလွန့်မောင်က ပြုံးတုံ့တုံ့နဲ့ လှမ်းရွတ်လာတာကြောင့် ခညောင်းဦးရဲ့ မျက်စောင်းပိစိလေးကို လက်ခံရရှိပါတော့သည်။

" အဲ့လိုကြီးမငြိုငြင်ပါနဲ့..။ ဒီမောင်ကြီးက ပြူးပြူးစိန်မျက်နှာလေးကို မြင်ရဖို့အရေး အစောကြီးထလာခဲ့ရတာပါဗျာ "

" ငါလည်း မင်းစားဖို့အတွက်.. ပဲပြုတ်ထမင်း လုပ်ပေးထားပါတယ်နော်။ အခု.. စားတော့မလား "

" အဟမ်း! အနားတိုးလာခဲ့ချည် "

" ဘာလို့.. "

မေးခွန်းတွေ လိမ့်မေးလာမယ်မှန်း ကြိုသိနေတာကြောင့် အနားရောက်လာတဲ့ ခညောင်းဦးရဲ့ မျက်ဝန်းဝိုင်းဝိုင်းကြီးများကို ဘယ်ဘက်လက်ဖဝါးကြီးနဲ့ လူးလွန့်မောင် အုပ်ကာလိုက်တော့သည်။ ထိုအခါ ခညောင်းဦးရဲ့မျက်နှာလေးက သူ့လက် တစ်ဖဝါးစာလောက်သာရှိမှန်း သတိထားမိသွားလေသည်။

ငပြူးငလူးWhere stories live. Discover now