Part-56 (U+Z)

24.9K 1.8K 229
                                    

ရန်ကုန်မြို့ရဲ့နိုဝင်ဘာလလယ်ညဦးအစောပိုင်းတွေဟာ အေးစိမ့်စိမ့်လေးဖြစ်နေတတ်ပြီး  အေးချမ်းတဲ့ညခင်းဒိတ်လေးတစ်ခုဖန်တီးဖို့အကောင်းဆုံးအခါသမယဆိုလည်းမမှား။ ကျောင်းတက်နေတုန်းကတော့ ကိုကိုမရှိတဲ့ကျွန်တော့်ရဲ့ဆောင်းလညနေခင်းတွေဟာအင်းယားကန်ဘောင်ကခုံတန်းတွေမှာ ကော်ဖီတစ်ခွက်နဲ့တစ်ကိုယ်တော်ဒိတ်ပေါ့ဗျာ။ကန်ဘောင်မှာထိုင်ပြီး ‌ကွယ်လုဆဲဆဲနေလုံးကြီးရယ် ကန်ရေပြင်ကိုဖြတ်တိုက်လာတဲ့အေးစက်စက်လေညင်းတွေရယ်ကိုခံစားကြည့်တာကကျွန်တော့်ရဲ့ဝါသနာတစ်မျိုးလို့ဘဲပြောရမလို။ ပြီးတော့ လက်ချင်းချိတ်ပြီးတစ်မျိုး ပခုံးဖက်ပြီးတစ်ဖုံတူယှဥ်တွဲသွားလာနေတဲ့စုံတွဲတွေ မြက်ခင်းပေါ်မှာဝိုင်းဖွဲ့ထိုင်နေတဲ့မိသားစုတွေ သူငယ်ချင်းတွေ ညနေခင်းလေ့ကျင့်ခန်းအဖြစ်လမ်းလျှောက်နေတဲ့သူတွေ ဂစ်တာတီးသီချင်းဆိုနေကြတဲ့လူငယ်တွေ  ရေပေါ်ဂေါက်ကွင်းကနေရိုက်လိုက်လို့ရေပြင်ပေါ်ကျသွားတဲ့ဂေါက်သီးတွေ ဒါတွေဟာအင်းယားရဲ့အမှတ်သညာတွေပါဘဲ။

မွန်းကျပ်လှတဲ့မြို့ပြရဲ့ရှုပ်ထွေးမှုပေါင်းစုံကို အင်းယားဆီလာပြီးဖြေလျှော့နေတယ်လို့ပြောလို့ရပါသည်။ မြင်ကွင်းရှေ့ကရေပြင်ရဲ့ငြိမ်သက်အေးချမ်းမှု မြင်ကွင်းနောက်ကကတ္တရာလမ်းပေါ်မှာပြေးလွှားနေကြတဲ့ အရောင်စုံ အမျိုးအစားစုံ ဦးတည်ရာမျိုးစုံနဲ့မော်တော်ကားတွေရဲ့လှုပ်ရှားသက်ဝင်နေမှု စတဲ့ခံစားချက်နှစ်မျိုးတစ်ပြိုင်နက်တည်းရနိုင်တဲ့အင်းယားကန်ကို ကျွန်တော်အလွန်နှစ်ခြိုက်မိပါသည်။

ယခု နိုဝင်ဘာလလယ်ညဦးအစောပိုင်းတစ်နေ့မှာတော့ အင်ယားမဟုတ်ပေမယ့် အင်းယားလိုခံစားချက်ပေးနိုင်မယ့်ခုံတန်းလေးတစ်ခုမှာ ကျွန်တော်ထိုင်နေပါ၏။ ကျွန်တော့်မြင်ကွင်းရှေ့မှာတော့ ရေပြင်ကျယ်ကြီးမရှိပေမယ့် သံစဥ်တေးသွားပမာလူးလွန့်လှုပ်ရှားသက်ဝင်နေတဲ့ရေပန်းတွေရှိနေပါသည်။ ထို့အတူ ဟိုတစ်စုဒီတစ်စုသစ်ပင်အုပ်အုပ်လေးတွေလည်းရှိနေသလို လွတ်လွတ်လပ်လပ်ထိုင်ချလို့ရမယ့်မြက်ခင်းစိမ်းစိမ်းတွေလည်းရှိနေပါသေးသည်။ အင်းယားနဲ့မတူတာတစ်ခုကတော့ ဒီနေရာလေးမှာအပန်းဖြေနေတဲ့သူတွေဟာ..ဝှီးချဲပေါ်ကလူနာတွေရယ် ဆေးအိတ်ချိတ်ထားတဲ့တန်းကိုကိုယ်တိုင်တွန်းပြီးသွားနေသူတွေရယ် ကျောက်စားပွဲတွေရှိရာမှာထိုင်ပြီးစစ်တုရင်ကစားနေကြတဲ့သူတွေရယ် လူနာနဲ့ယှဥ်တွဲထိုင်ပြီးစကားပြောပေးနေကြတဲ့သူတွေရယ် ကော်ဖီထွက်သောက်နေကြတဲ့ဆရာဝန်တွေနဲ့ဆေးရုံဝန်ထမ်းအချို့ရယ် ပြီးတော့ ရေပန်းနားကတီးဝိုင်းသေးသေးလေးတစ်ခုရယ် ဒါတွေပါဘဲ။
ညမှောင်နေပေမယ့်လည်း ရေပန်းတွေနားကရောင်စုံမာကျုရီတွေနဲ့ ဆေးရုံအဆောက်အဦးကလျှံကျလာတဲ့အလင်းရောင်တွေကြောင့်ဤအရပ်မှမခွါနိုင်ပြီဖြစ်နေကြပါ၏။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now