Part 8

3.1K 136 7
                                    

Unicode

"သက်ပိုင်…ညနေဘုရားသွားမလို့ လိုက်ခဲ့"

ပန်းရုံ၏မေးငေါ့သံနှင့်အတူ ခွေးကြီးရောင်နီအား အစာကျွေးနေသော လေးရုံ၏လည်တိုင်ကတစ်ချက်ဆတ်သွားပြီး တပြိုင်နက်ထဲပင် မျက်ခုံးနှစ်ဖက်ကမြင့်တက်သွားသည်။ဒါ သူစိတ်ဝင်စားနေပါသည်ဆိုသည့် အဓိပ္ပါယ်ပေါ့။

ဒီနေ့ကစနေနေ့…။ဒီလိုနေ့တွေဆို သက်ပိုင်က ဒီအိမ်မှာပဲနေဖြစ်တာများသည်။သူ့ကိုစတွေ့ကတည်းက သားနွေး၊သွားနွေး ဟူ၍ပါးစပ်ဖျားမှမချနိုင်အောင် တသသဖြစ်လွန်းသော ပန်းရုံတို့မိခင် ဒေါ်ထားသက်ရီ ကြောင့်လေ။သူ့ကိုပင် မေမေထားဟုခေါ်ရန်ပြောထားပြီး ရပ်ရွာထဲတွင်လည်းသက်ပိုင်သည်သူ၏ဝမ်းမနာသားလေးဟု၍ လိုက်ပြောဆိုတတ်သေးသည်။

"ဘုရားက ဘာဖြစ်လို့"

"ဟော သက်ပိုင်ရယ် ဒီနေ့ကတန်ဆောင်မုန်း
လပြည့်လေ"

"အာ…ဟုတ်သားပဲ ကျွန်တော်မေ့နေတာ…ဒါဆိုလိုက်ခဲ့မယ်လေ"

"ကျွန်တော်လဲလိုက်မယ်"

စကားဆုံးဆုံးချင်းပင် စီခနဲထွက်ပေါ်လာသည့် အသံ။

"နင်ကဘာလို့လိုက်မှာ"

"မမ ဒါနင်ဘာသဘောလဲ ငါ့ကိုမလိုက်စေချင်တာလား"

"အဲ့လိုမဟုတ်ဘူးလေ ခါတိုင်းနှစ်တွေဆိုနင်ကရိုက်ခေါ်တောင်မလာ……"

"တော် တော် တော် ဒီညနေငါလိုက်မယ် ဘာပြောချင်တာရှိသေးလဲ"

"ကယ် လိုက်ချင်သပဆိုလည်းလိုက်ပေါ့ "

မြတ်ပန်းရုံ အပြင်ထွက်သွားသည်။

"သားနွေးရေ "

အိမ်ထဲမှ မေမေထား၏ခေါ်သံ။သက်ပိုင်ခေါင်းကလေးဆတ်၍ ထူးလိုက်သည်။

"ဗျာ"

"အေ သားနွေးအိမ်ထဲဝင်လာရင် နောက်ဖေးကလှမ်းထားတဲ့ အင်္ကျီသုံးထည်ဟာလေ အဲဒါရုတ်ခဲ့စမ်းလေ"

"ဟုတ်ကဲ့ မေမေထား"

ဒီကို ရောက်ခါစတုန်းကဆိုလျှင် ကသိကအောက်ဖြစ်ခဲ့ရသည်များအထဲတွင် ထိုအသုံးအနှုန်းလည်းပါသည်။တစ်ခုခုဆိုလျှင် ယူပေးစမ်းလေ၊လုပ်ခဲ့စမ်း ဟူ၍ပြောဆိုမှုများသည် ‌သူ့လိုအောက်ပြည်အောက်သားအတွက်တော့ အမိန့်ဆန်၍အနည်းငယ်တင်စီးသဖွယ်ခံစားခဲ့ရသည်။ယခုမူ သူပင်တစ်ခါတလေဆိုလျှင်ထိုသို့ပြောတတ်နေချေပြီ။မေမေထား၏ စကားအတိုင်းနောက်ဖေးသို့သွား၍ အဝတ်များအားသိမ်းရန်လုပ်သော်လည်း အမောင်လေးရုံမှ ပြာပြာသလဲလာတားရှာသည်။

ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)Where stories live. Discover now