အပိုင်း ( ၂ )

7.5K 512 24
                                    

" အလှည့်ကျသန့်ရှင်းရေးလုပ်ဖို့ ဒီနေ့ တန်းခွဲ A က တာဝန်ကျပါတယ်။ လိုအပ်တဲ့ တံမြက်စည်း၊ ဂေါ်ပြားနဲ့ အမှိုက်ပုံးတွေကို လိုအပ်ရင် ရုံးခန်းမှာသွားယူနိုင်ပါတယ် "
ကျောင်းကောင်စီခေါင်းဆောင်က တန်းခွဲ A ကို လာပြောလေသည်။ အတန်းပိုင်ဆရာမသည် စာသင်လက်စ သင်္ချာစာအုပ်ကို ပိတ်ကာ အတန်းထဲက ကျောင်းသားများအား အပြင်ထွက်ရန် ပြောလေသည်။

" ဒီနေ့သာ နေ့တိုင်းဆင်းရရင် ကောင်းမယ်၊ ငါ သင်္ချာကို တကယ်မသင်ချင်ဘူး၊ သင်္ချာတွက်ဖို့ ငါ့ခေါင်းက ဉာဏ်မမှီဘူးထင်ပါရဲ့၊ ခုနက ဆရာမသင်ထားတဲ့ ပုဒ်က ဘာဖြစ်သွားမှန်းတောင် မသိဘူး" ဟန်နွေရာသည် သင်္ချာစာအုပ်ကို ခုံထဲ ထည့်ရင်း ပြောလိုက်သည်။

" ခုနက နင်တွက်လိုက်တာပဲ မဟုတ်လား?"

"အဲတာဆရာမတွက်ပြတာကို ကူးလိုက်တာ၊ f(x) က ဆရာမပြောတော့ လွယ်လွယ်လေးတဲ့၊ ငါလည်း ဆရာမရေးပြတဲ့အတိုင်း ကူးလာတာပဲ၊ ဒါပေမဲ့ အိမ်လည်း ရောက်ရော ဘာတွေ ရေးထားမှန်းတောင် မသိတော့ဘူး"

"ကလေးတို့ မိုးမရွာခင် အမှိုက်မြန်မြန်ကောက်ကြမယ် "
အတန်းပိုင်ဆရာမက လှုံဆော်လိုက်တာကြောင့် ကျောင်းသားများသည် အမှိုက်မြန်မြန်ကောက်ကြရသည်။

"ဟန်နွေရာ အမှိုက်ကို ထိအောင် ကိုင်လေ၊ ဒီနှစ်က အတန်းအတွင်း စစ်ဆေးအကဲဖြတ်တာပါ ထည့်ပေါင်းရမှာ၊ ဒီလိုဆို ငါမှတ်ထားတော့မှာ " အတန်းခေါင်းဆောင်က အမှိုက်ကို မထိတထိတို့နေသော ဟန်နွေရာကို လှမ်းပြောသည်။

" ကောက်နေပဲကို၊ ပြီးတော့ အဲဒီအတန်းတွင်းစစ်ဆေးမှုဆိုတာ နှစ်တိုင်းပြောနေပြီး တစ်ခါမှလည်း လုပ်တာ မဟုတ်ဘဲနဲ့ "

" မိဟန်ဟန်  ပွစိပွစိပြောနေတာ ရပ်တော့နော်" အတန်းခေါင်းဆောင်နှင့် ဟန်နွေရာက စကားနိုင်လုနေစဉ် ရှင်းလက်ျာက တစ်ခါသုံးလက်အိတ်များကို လာပေးသည်။ ဟန်နွေရာသည် အသံတိတ်ကာ ရှင်းလက်ျာ‌ တံမြက်စည်းလှည်း‌နေသော  အမှိုက်များကို ကောက်နေသည်။

    မြတ်သည် အတန်းပိုင်ဆရာမက ရုံးခန်းမှ ကျောင်းသားကဒ်များကို သွားယူခိုင်းတာကြောင့် သန့်ရှင်းရေးလုပ်နေသော နေရာသို့ နောက်ကျမှ ရောက်လာသည်။ တစ်ခါသုံးလက်အိတ်ကို စွပ်ရန် ပြင်နေစဉ် ကျောင်းတံခါးဝမှ ရင်းနှီးနေသော ပုံရိပ်လေးကို လှမ်းတွေ့လိုက်သည်။ ယနေ့အစောပိုင်းက မိုးရွာထားတာကြောင့် မိုးရေစိုစွတ်သော ထီးကို ကိုင်ထားလျက် တစ်ဖက်က လက်ဆွဲအိတ်ကို ဆွဲထားသော ဆရာမဒေါ်သက်လျာကျော်သည် ကျောင်းဝင်းထဲသို့ ဝင်လာသည်။ကျောင်းဝတ်စုံဖြင့် ယဉ်ယဉ်လေးလှနေသော ဆရာမကို မြတ်သည် သတိလက်လွတ်ငေးနေမိသည်။

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Where stories live. Discover now