Episode 20

508 134 7
                                    

အပိုင်း ၂၀

Zawgyi

သူတို့တွေ့ဖို့ချိန်းဆိုထားတဲ့ နေရာထောင့်နားကိုရောက်တော့ ချီရှို့ယွမ်တစ်ယောက် ရှောင်းလီကားရပ်ထားရာဆီ အပြေးသွားမိတယ်။

သူကားမှန်တံခါးကို ခဏလောက် ခေါက်ကြည့်သေးတယ်။ အထဲက တုံ့ပြန်တဲ့အချိန်ထိ မစောင့်နိုင်တော့လို့ ကားတံခါးကိုဆွဲဖွင့်လိုက်တယ်။သူ့အရှေ့ကမြင်ကွင်းကို မြင်လိုက်ရတဲ့အခိုက်အတန့် သူ့ရင်ထဲတင်းကြပ်လာရတယ်။

" မင်းအနည်းဆုံး နှစ်လလောက်သောက်လို့မရသေးဘူးလို့ ပြောထားတယ်လေ။ "

သူ့လေသံမှာ ဒေါသရယ် စိုးရိမ်စိတ်ရယ် ရောပါနေတယ်။

" အနံ့ဒီလောက်တထောင်းထောင်းထတဲ့အထိ ဘယ်လောက်တောင်သောက်လာခဲ့တာလဲကွာ။ "

ရှောင်းလီကတော့ သွေးဆုတ်ဖြူရော်နေတဲ့မျက်နှာနဲ့ ဒရိုင်ဘာခုံကိုမှီထားတယ်။ အလင်းရောင်သာမက သူ့ဘေးကဆူညံသံကိုပါ စိုးထိတ်နေသလိုမျိုးနဲ့ မျက်လုံးမှိတ်လျက် ကိုယ်ကို အနည်းငယ်ရွှေ့လိုက်တယ်။

ချီရှို့ယွမ် သက်ပြင်းချကာ အသံကိုတိုးလိုက်ပြီး လေသံအေးအေးနဲ့မေးလိုက်တယ်။

" မင်းဘယ်နားက မသက်မသာဖြစ်နေလဲ။ ဆေးရုံသွားချင်လား။ "

ရှောင်းလီရဲ့ မျက်ခုံးတို့ တွန့်ရှုံ့သွားတယ်။ သူ့အနေနဲ့ နိုးနိုးကြားကြားဖြစ်နေဖို့ မနည်းအားတင်းထားရပုံပင်။ သူမျက်လုံးကို အားယူပြီး ဖွင့်လိုက်တယ်။

" မင်း ကားမောင်းတတ်လား။ "

" အင်း။ မောင်းတတ်တယ်။ "

ရှောင်းလီရဲ့ တည်ငြိမ်နေတဲ့အသံကိုကြားလိုက်တော့မှ ချီရှို့ယွမ်လည်း စိတ်သက်သာရာရသွားတယ်။

" မင်းအိမ်ကိုသွား "

ပြောပြီးတာနဲ့ ဘေးဘက်ကိုမှီကာ သူ့ကိုယ်ကိုဒရိုင်ဘာဘေးကခုံဆီရောက်အောင် အားတင်းပြီး ရွှေ့လိုက်တယ်။ ရှောင်းလီရဲ့ ရေကုန်ရေခန်းကြိုးစားပြီး တဖက်ထိုင်ခုံဆီ ရွှေ့နေတာကိုတွေ့ရလို့ ချီရှို့ယွမ်လည်း ကားထဲ ကိုယ်တစ်ခြမ်းဝင်ကာရှောင်းလီကို တဖက်ခုံဆီရောက်အောင် ကူညီပေးလိုက်တယ်။ သို့သော် ချီရှို့ယွမ်သူ့ခြေထောက်ကို သူသတိမထားမိလို့ ခြေချော်ကာ လက်နှစ်ဖက်လုံးနဲ့ ရှောင်းလီရဲ့ခါးကိုဆုပ်ကိုင်လိုက်မိပြီး သူ့တစ်ကိုယ်လုံး ရှောင်းလီပေါ်ဖိမိလိုက်သလိုဖြစ်သွားတယ်။

Lawless Gangster (Myanmar Translation)Where stories live. Discover now