Chapter - 2

47.1K 3.7K 643
                                    

မြတ်ဘုန်းခေါင် Bathtubထဲတွင် ငုတ်တုပ်မေ့နေသည့်အလားဖြစ်နေ၏။ သူ၏နားထဲ၌ မောင်ပြောသွားသည့် စကားလုံးတို့ကိုသာ ထပ်တလဲလဲပြန်ကြားနေရသကဲ့သို့ပင်။

'ပထမဆုံးတာဝန်? ဘာကိုပထမဆုံးတာဝန်လဲ?'

သူဟာ လက်ရှိအခြေအနေအား ဘယ်လိုမှနားမလည်နိုင်အောင်ဖြစ်နေပြီး ခေါင်းထဲ၌လည်း ဖြစ်နိုင်ခြေရှိသည့်အဖြေအား ရရန်တွက်ချက်နေမိသည်။ သို့တိုင် သူ၏ထက်မြက်လှသောဦးနှောက်ပင် ဤအခြေအနေတို့အား လိုက်မမီနိုင်တော့ပါသလို။

သူသည် ရေနွေးနွေးထဲထိုင်နေမိရင်း သူ၏ခန္ဓာကိုယ်အား ငုံ့ကြည့်လိုက်မိသည်။ အဝတ်အစားတို့ ကင်းမဲ့နေသည်မို့ ဖြူဝင်းသောအသားအရည်ထက် ထင်ရှားနေသည့်အမှတ်အသားတို့က ပေါ်လွင်လှစွာ။ ၎င်းတို့ကိုကြည့်ရင်း သူ၏မျက်နှာထက် မအီမသာဖြစ်သွားသည့်အမူအရာတို့ ပေါ်ပေါက်လာပြီး ရေစိုနေသည့်မျက်တောင်ရှည်တို့သည်ပင် အနည်းငယ်လှုပ်ခတ်သွားရသည်အထိ။

သူ့ရင်ထဲ၌လည်း အလွန်အမင်း တုန်လှုပ်နေမိသည်။ တဖြည်းဖြည်းချင်း စဉ်းစားသွားပြီးနောက် သူ၏မျက်နှာထက်၌ ဘယ်လိုမှမယုံကြည်နိုင်ဖြစ်နေသည့်ဟန်များ ပေါ်ပေါက်လာပြီး Bathtubထဲမှ အလျင်စလို ထရပ်လိုက်မိတော့ ခန္ဓာကိုယ်က ဟန်ချက်ပျက်သွားသည်မို့ ယိုင်ခနဲ။ နံဘေးမှနံရံထက် လက်ကိုမှီထောက်လိုက်မိရင်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်မိသည်။ ခြေလှမ်းတို့အား ရေချိုးခန်း၏ကြမ်းပြင်ထက်သို့ ချပြီးသည့်နောက်တွင် တစ်ကိုယ်လုံးမြင်ရသည့်မှန်ရှေ့၌ရပ်ကာ သူ့ကိုယ်သူ သေချာကြည့်လိုက်မိ၏။

သူဟာ မှန်ထဲမှ ပုံမှန်ထက်ငယ်ရွယ်နုပျိုနေသောမျက်နှာအား ကြောင်အစွာငေးကြည့်နေမိသည်အထိပင်။

'ဒါက အိပ်မက်များလား။'

အတွေးနှင့်အတူ လက်ဖျံအား အားပါပါဖြင့်လိမ်ဆွဲလိုက်မိတော့ နာကျင်မှုကထင်ထင်ရှားရှားပေါ်လာသည်။

'နာတယ်? နာတယ်ဆိုတော့...'

သူ့မျက်နှာဟာ သွေးပင်မရှိတော့သည့်အလား ဖြူစုတ်သွားရ၏။

Let's Get Divorced! [Completed]Where stories live. Discover now