Chapter - 29

39.6K 2.7K 527
                                    

“အဟွတ် အဟွတ် အဟွတ်.. သူတောင်းစားတွေရဲ့၊ ဖြည်းဖြည်းလုပ်ပါကွ၊ အာ့! အဟွတ် အဟွတ်..”

ပီတာတစ်ယောက် ဂုဏ်ရှိန်နှင့် ဥက္ကာတို့၏ လက်ထဲတွင် ကြမ်းကြမ်းတမ်းတမ်း အကြောလျှော့ခံနေရသည်မို့ ရေမွန်းနေသည့်ကြားမှ ဆဲလိုက်မိခြင်း။ သူဆဲလိုက်တော့ လုပ်ပေးနေသူနှစ်ယောက်က အားထပ်ပါလာသည်မို့ ညည်းသံပြုမိကာ ချောင်းဆက်ဆိုးနေတော့ပြန်သည်။

ဂုဏ်ရှိန်က ပြန်ပြောလိုက်၏။

“ဘာမှ ညင်သာမနေနိုင်ဘူး၊ မင်းလိုကောင်က ဒါမျိုးနဲ့ပဲ တန်တယ်၊ ဖြစ်လိုက်ပြီဆို အရာရာနဲ့အကြောင်းကြောင်းချည်းပဲ၊ တော်သေးလို့ ဟိုကောင်နဲ့မြတ်ဘုန်းရှိနေလို့ပေါ့၊ မဟုတ်ရင် မင်း သေနေလောက်ပြီ ခွေးရဲ့၊ တစ်ခုခုပျောက်လည်း ငါတို့ပြန်လာတဲ့အထိ စောင့်ပါလား၊ ပြီးမှ အကုန်ဝိုင်းကူရှာလို့လည်း ရတာပဲ၊ ဒါမှမဟုတ် ရေကန်ထဲကရေတွေကို အကုန်ထုတ်ခိုင်းပြီး ရှာလို့လည်း ရတယ်၊ မင်း ဒီလောက်တောင် ဦးနှောက်မရှိဘူးလား”

ဂုဏ်ရှိန်ဟာ သူငယ်ချင်းဖြစ်သူအား အတော်လေးစိုးရိမ်သွားရသည်မို့ ဆူပူနေမိခြင်းဖြစ်သည်။ ပုံမှန်ဆို စစနောက်နောက်နေတတ်သူက ယခု၌ မျက်နှာကလည်း သိသိသာသာ တည်တင်းနေ၏။

ဥက္ကာကလည်း သည်တစ်ကြိမ်တွင်တော့ မစနောက်နိုင်တော့ဘဲ ဝင်ထောက်ခံလိုက်သည်။

“ဟုတ်တယ် ကိုကြီးပီတာ၊ ခင်ဗျား နောက်ဆို ဒါမျိုးထပ်မလုပ်နဲ့တော့၊ ကျွန်တော်လည်း ရောက်ရောက်ချင်း ကိုကြီးနဲ့ခင်ဗျားပုံစံကို မြင်လိုက်ရတော့ လန့်သွားတာပဲ၊ ဘာများဖြစ်ကြတာလဲလို့၊ နောက်ပြီး ကျွန်တော့်ယောက်ဖလည်း တော်တော်လန့်သွားတဲ့ပုံပဲ၊ သူ ကိုကြီးနဲ့ခင်ဗျားကို ကြောင်ပြီးရပ်ကြည့်နေတာ ခုနကထိပဲ၊ ခင်ဗျား သူ့ရှေ့မှာ အလန့်တကြားတွေ ထထမလုပ်စမ်းပါနဲ့ဗျာ၊ သူတစ်ခုခုထပ်ဖြစ်ရင် ခင်ဗျားသူငယ်ချင်း၊ ကျွန်တော့်ကိုကြီး ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ပူရလွန်းလို့ ထိပ်ပါပြောင်တော့မယ်”

“အေးပါကွာ၊ ငါ နောက်ဆို ထပ်မလုပ်တော့ပါဘူး”

အငယ်ဖြစ်သူကပါ အတည်ပေါက်ဆူလာပြီး ပြောလာသောစကားတို့ကြောင့် ပီတာလည်း ရယ်မိသွားရင်း သူ့လုပ်ရပ်သူ သေချာပြန်သုံးသပ်မိသွားပြီး ထိုသို့သာ ကတိပေးလိုက်မိတော့၏။ ထို့နောက် ဂုဏ်ရှိန်က အကြောလျှော့ပေးရင်းမှပင် မေးလိုက်သည်။

Let's Get Divorced! [Completed]Where stories live. Discover now