Chapter - 40 (Unicode)

26.7K 1.7K 170
                                    

တစ်ပတ်ကြာပြီးနောက်။

နောက်တစ်နေ့၌ လန်ဒန်ရဲတပ်ဖွဲ့က စစ်မင်းရှိန်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့၏လက်ထဲသို့ အပ်တော့မည် ဖြစ်သည်။ ထိုသို့ဖြစ်စေရန်အတွက် Ultra Group နှင့် Global Group တို့က တပြိုင်နက်တည်း အစွမ်းကုန်ကြိုးစားခဲ့ကြခြင်းမို့ ရလဒ်က သည်လောက်အထိ မြန်သွားခြင်းဖြစ်၏။

လန်ဒန်ရဲတပ်ဖွဲ့သည် စစ်မင်းရှိန်အား သူ၏ မူမမှန်သော ထွက်ဆိုချက်များကြောင့် စိတ်ကျန်းမာရေးမကောင်းသူတစ်ယောက်အဖြစ် သတ်မှတ်ခဲ့ကြသည်။ အကြောင်းမှာတော့ သူ့ထွက်ဆိုချက်များထဲ၌ မသေခင်ဘဝအကြောင်းနှင့် ပြန်လည်ရှင်သန်လာပြီးနောက် ဘဝအကြောင်းတို့ပါဝင်နေပြီး အတော်လေးရှုပ်ထွေးနေသောကြောင့်ပင်။

စစ်မင်းရှိန်ဟာ သူကိုယ်တိုင်၏အမှားတို့ကိုတော့မမြင်ဘဲ သူရိန်မင်းထင်ကို လူသတ်သမားဟူ၍ စွပ်စွဲပြောဆိုခဲ့ပြီး အတိတ်ဘဝတုန်းက သူဟာ သူရိန်မင်းထင်ကြောင့် အဆိုးရွားဆုံးနည်းလမ်းဖြင့် သေဆုံးခဲ့ရကြောင်း၊ ထို့ပြင် နှစ်နှင့်ချီပြီးလည်း ဖမ်းဆီးနှိပ်စက်ခံခဲ့ရကြောင်း၊ ထို့ကြောင့် သည်ဘဝ၌ သူက တစ်ဖက်လူကို လက်စားချေခဲ့ခြင်း ဖြစ်ကြောင်း၊ သူပြောသမျှအားလုံးက အမှန်တွေဖြစ်၍ သူရိန်မင်းထင်လို ကြောင်သူတော်ကြွက်သူခိုးကိုလည်း ဖမ်းဆီးသင့်ကြောင်း စသည်ဖြင့် ဒေါသတကြီး အော်ဟစ်ပြောဆိုခဲ့သည်။

ထို့ပြင် သူသည် မြတ်ဘုန်းခေါင်နှင့်ပတ်သက်၍လည်း ထွက်ဆိုခဲ့ပါသေး၏။ သူ့အနေနှင့် သူရိန်မင်းထင် အတိတ်မှတ်ဉာဏ်များကို ပြန်ရနေပြီဆိုတာကိုသာ မသိပါသော်ငြား မြတ်ဘုန်းခေါင်သည်လည်း သူ့ကဲ့သို့ပင် ပြန်လည်ရှင်သန်လာခဲ့သည်ဆိုတာကိုတော့ သေချာနေသူမို့ ရဲများအား ထိုကိစ္စနှင့်ပတ်သက်၍ ပြောခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍ ရဲများဟာ သူ့ကို လုံးဝမယုံကြသော်ငြား သူရိန်မင်းထင်နှင့် မြတ်ဘုန်းခေါင်တို့အား အနည်းငယ်မျှ စစ်ဆေးမေးမြန်းလိုကြောင်း တောင်းဆိုခဲ့ကြ၏။ ထိုအခါ တစ်ဖက်နှစ်ယောက်က ဆေးရုံ၌ပင် ရဲများကို လက်ခံဖြေကြားခဲ့ကြသည်။

Let's Get Divorced! [Completed]Where stories live. Discover now