Chapter - 14

47.2K 4K 1.6K
                                    

သည်ညသည်ကား နှစ်သစ်ကူးမည့်ည ဖြစ်၏။

သည်လိုညမျိုးတွင်မှ မောင်က ကံကောင်းလွန်းစွာဖြင့် Night Duty ကျသည်မို့ အိမ်တွင်မရှိ။ မိဘဆွေမျိုးများမရှိကြတော့သော ဒရိုင်ဘာမောင်သစ်နှင့် ခြံစောင့်ကောင်လေးတို့မှလွဲ၍ အိမ်မှ အခြားသောဝန်ထမ်းများဟာလည်း ခွင့်ယူပြီး မိသားစုတို့ထံ ခဏပြန်နေကြသောကြောင့် လက်ရှိတွင် အိမ်အတွင်း မြတ်ဘုန်းခေါင်နှင့်အတူ မောင်သစ်နှင့် ခြံစောင့်ကောင်လေးတို့သာ ရှိနေလေသည်။

ည ၁၀ နာရီခန့်၌ မြတ်ဘုန်းသည် ဝရန်တာရှိ ခုံတန်းရှည်တွင် ထွက်ထိုင်ကာ စီးကရက်တစ်လိပ်ကို ဖွာရှိုက်နေ၏။ ဆောင်းရာသီ၏ အေးစက်စက်လေပြည်တို့က သူ့မျက်နှာထက် လာရိုက်ခတ်နေကြသည်ကို မကြိုက်နှစ်သက်ပါသည့်တိုင် နေရာ၌ပင် ဆက်လက်ထိုင်နေလျက် ညကောင်းကင်ယံကို ခပ်တွေတွေ ငေးမောနေသည်။

‘ခုချိန်ဆို အလုပ်လုပ်နေမယ်ထင်တယ်။’

သူဟာ ချစ်ရသူအကြောင်း ထိုသို့တွေးလိုက်ရင်း စီးကရက်အား တစ်ချက်ထပ်ရှိုက်လိုက်၏။ သူ၏နှုတ်ခမ်းတို့ကြားမှ အငွေ့ဖြူဖြူများ ထွက်လာချိန်တွင် လေတစ်ချက်ဝေ့လာသည့်အခါ အဆိုပါအငွေ့များက သူ့မျက်နှာထက် ပြန်လည်ရိုက်ခတ်ကြသည်။

သူ၏ မျက်ဝန်းတို့သည်ကား အထီးကျန်နေကြသကဲ့သို့နှယ်။

သူဟာ စက္ကန့်အတော်ကြာ စိတ်ဝင်စားစရာမရှိသော ပတ်ဝန်းကျင်ကို ငေးမောနေရင်းမှ စီးကရက်တစ်ဖွာအား ထပ်မံ၍ ရှိုက်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ့ဘယ်ဘက်လက်က ဘောင်းဘီအိတ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်သည်။ ဖုန်းကို ဖွင့်လိုက်ပြီးနောက် ဖုန်းခေါ်ဆိုသည့်နေရာသို့ ဝင်လိုက်၏။

သို့ပေသည့် ‘မောင်’ ဟူသော Contact ကိုသာ မိနစ်အနည်းငယ်ကြာ စိုက်ကြည့်နေပြီး ခေါ်တော့ မခေါ်ဖြစ်ပါချေ။

အကြောင်းမှာ မောင်နှင့်သူတို့ သည်ရက်ပိုင်း၌ အဆင်ပြေခဲ့ကြပါသော်ငြား သည်နေ့တွင်တော့ စကားများထားကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် မောင့်အလုပ်ချိန်တွင် ဖုန်းခေါ်ဖို့ရန် မဝံ့မရဲ ဖြစ်နေရခြင်း ဖြစ်၏။

Let's Get Divorced! [Completed]Where stories live. Discover now