Chapter - 42 (Unicode)

20.5K 1.5K 317
                                    

မတ်လ ၂၄ ရက်နေ့။

ထိုနေ့၏ နံနက်ခင်း၌ သူရိန်မင်းထင်နှင့် မြတ်ဘုန်းခေါင်တို့ဟာ စစ်မင်းရှိန်အား ထောင်ဝင်စာသွားတွေ့ခဲ့ကြသည်။ ယင်းသို့ဆိုသော်ငြား သတ်မှတ်ထားသည့်နေရာတွင်မဟုတ်ဘဲ သီးသန့်ခန်းတစ်ခုထဲ၌ ဖြစ်၏။

လုပ်ငန်းစုကြီးနှစ်စု၏ အရှိန်အဝါကြောင့် သူတို့၏တောင်းဆိုချက်များနောက်တွင် မည်သည့်မေးခွန်းတို့မှ ပြန်ထွက်မလာခဲ့ကြပါချေ။

သူတို့နှစ်ယောက်ဟာ ပြင်ဆင်ထားသောသီးသန့်ခန်းထဲသို့ရောက်သွားကြပြီးနောက် အခန်းအလယ်ရှိ လေးထောင့်စားပွဲမှ ကုလားထိုင်တို့တွင် အေးအေးလူလူ ဝင်ထိုင်လိုက်ကြသည်။ သူတို့နှင့်အတူပါလာသော ဘော်ဒီဂတ်သုံးယောက်ကတော့ အခန်းထဲသို့ရောက်သည်နှင့် လျှို့ဝှက်ကင်မရာများနှင့် အသံဖမ်းစက်တို့ရှိမရှိ စစ်ဆေးရေးကိရိယာတို့ဖြင့် သေချာစစ်ဆေးနေကြ၏။

ထို့နောက် အခန်းအတွင်း ဘာမှမရှိတာသေချာသွားသည့်နောက်၌ အခန်း၏အသံလုံစနစ်ကောင်းမကောင်း ဆက်လက်စစ်ဆေးကြ၏။ အားလုံးကို သေချာစစ်ဆေးပြီးတော့မှ ဘော်ဒီဂတ်ခေါင်းဆောင်ဟာ ဘော့စ်ဖြစ်သူ သူရိန်မင်းထင်အား အကြောင်းကြားလိုက်သည်။ ထိုအခါ သူရိန်မင်းထင်က ခေါင်းညိတ်လိုက်ပြီး ဘော်ဒီဂတ်များအား အခန်းပြင်သို့ ထွက်သွားခိုင်းလိုက်၏။ 

လက်ရှိတွင် သူရိန်မင်းထင်၏ကျန်းမာရေးအခြေအနေဟာ အတော်လေးကို ပြန်လည်ကောင်းမွန်နေပြီဖြစ်သည်။ သူ၏ခြေထောက်တို့မှာလည်း ဝှီးချဲနှင့် ချိုင်းထောက်တို့ကို မဖြစ်မနေ မလိုအပ်ပါတော့ချေ။

သို့သော် ဒဏ်အတော်လေးဖြစ်ထားခဲ့သည်မို့ လမ်းလျှောက်လျှင် အနည်းငယ် ထော့နဲ့ထော့နဲ့ဖြစ်နေသေးသည်ဖြစ်ရာ ပြင်ပသို့ထွက်သည့်အခါတိုင်း ဝှီးချဲကိုတော့ သုံးဖြစ်နေပါသေး၏။ အကြောင်းမှာတော့ မြတ်ဘုန်းက သူချစ်ရသောလူသား၏ ထော့နဲ့ထော့နဲ့နှင့် လမ်းလျှောက်နေသောပုံစံကို အပြင်လူများအား မမြင်စေချင်သောကြောင့်ပင်။

သို့ဖြစ်၍ ယခုတွင်လည်း ဝှီးချဲပါလာခဲ့သော်ငြား သီးသန့်ခန်းထဲအထိတော့ သယ်မလာခဲ့ကြပါချေ။ သူတို့အနေနှင့် ရန်သူတော်ကိုတွေ့ရန် လာကြခြင်းဖြစ်သည်မို့ တစ်ဖက်လူဝမ်းသာအားရဖြစ်စေမည့် အချက်များကို ရှောင်ကြသည်ဖြစ်ရာ ဝှီးချဲကို ပြင်ပ၌ပင် ထားခဲ့ရန်အတွက် နှစ်ယောက်စလုံး ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်၏။

Let's Get Divorced! [Completed]Where stories live. Discover now