Extra - 5

15.3K 1.5K 93
                                    

“ဘွားဘွား၊ နို့ဆန်ပြုတ်လေး သောက်ကြည့်ပါဦး၊ ကျွန်တော်ကိုယ်တိုင် ပြုတ်ထားတာ”

မြတ်ဘုန်းကပြောလိုက်တော့ ဘွားဘွားက ဝှီးချဲထက်တွင်ထိုင်နေရာမှ သူ့အားလှည့်ကြည့်ကာ ပြုံးလာ၏။

အသက် ၉၀ ကျော် အမျိုးသမီးကြီးသည် နောက်ဆုံးအချိန်နှင့်နီးနေပြီဖြစ်ရာ မျက်နှာထက် မာန်မာနအနည်းငယ်မျှပင် မရှိပါချေတော့။ သူ(မ)ဟာ တစ်ဦးတည်းသော မြေးဖြစ်သူကိုလည်း စိတ်ချသွားပြီမို့ တင်းထားသမျှစိတ်များအားလုံးကို လျှော့ချထားလိုက်သည်မှာလည်း အတော်လေးကြာခဲ့ပြီဖြစ်သည်။

မြေးသမက်ဖြစ်သူအပေါ်၌လည်း အလိုမကျစိတ်တို့ မရှိတော့။ ထို့ကြောင့် နှစ်ယောက်ကြားဆက်ဆံရေးဟာ ယခင်ကထက် များစွာပို၍ အဆင်ပြေနေခဲ့သည်မှာလည်း ကြာခဲ့ပြီပင်။

မြတ်ဘုန်းဟာ အိပ်ခန်းကျယ်ကြီးအတွင်း ပြတင်းပေါက်နားတွင် ထိုင်နေသော အဘွားဖြစ်သူအား ကိုယ်တိုင်ဆန်ပြုတ်ခွံ့ကျွေးရန်အတွက် ပြင်လိုက်သည်။ ထိုအခါ အဘွား၏လက်ထောက်အမျိုးသမီးက သူထိုင်မည့်နေရာ၌ ကုလားထိုင်တစ်လုံးကို လာချပေးပြီးနောက် အလိုက်တသိဖြင့် အခန်းထဲမှ ထွက်သွားပေး၏။

“ဘွားဘွား၊ စားလို့ကောင်းလား”

“အင်း”

သူ့အမေးကို ဘွားဘွားက ချက်ချင်းပြန်ဖြေလာသောကြောင့် မြတ်ဘုန်းက ပြုံးလိုက်မိသည်။ ဘွားဘွား၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ သူသိပ်အားမရပါသော်ငြား လောကဓမ္မတာအရ ဘွားဘွားက သက်တမ်းကုန်ခါနီးပြီဆိုတာကိုတော့ သူလက်ခံပါ၏။

ယခင်ဘဝတုန်းက သူသေပြီးနောက်ပိုင်း သုံးနှစ်ကျော်အကြာမှာပင် ဘွားဘွားက သူ့စိတ်နှင့် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ ဆုံးပါးသွားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အဘွားဖြစ်သူ ဆုံးပါးသွားခဲ့သည်ကို တစ်ကြိမ်မြင်ခဲ့ဖူးပြီမို့ မြတ်ဘုန်းဟာ သည်တစ်ကြိမ်တွင်တော့ စိတ်ကိုသေချာပြင်ဆင်ထားပါ၏။

ထို့ပြင် သူနှင့် သူရိန်မင်းထင်တို့ဟာ အဘွား၏အခြေအနေကို ရိပ်စားမိသည်နှင့် မြစိမ်းရိပ်မြုံ၌ လာနေခဲ့ကြသည်မှာ လပိုင်းမျှပင် ရှိနေပြီဖြစ်သည်။

Let's Get Divorced! [Completed]Where stories live. Discover now