Chapter - 41 (Unicode)

24.1K 1.6K 383
                                    

ဖေဖော်ဝါရီလ ကုန်သွားပြီဖြစ်၏။

ယနေ့သည်ကား မတ်လ ၂ ရက်နေ့ဖြစ်ပြီး Ultra Group နှင့် Global Group တို့မှ အမှုကိစ္စတို့ကြောင့် လန်ဒန်သို့ရောက်နေကြသူများအားလုံးနီးပါး ပြည်တော်ပြန်လာကြသောနေ့လည်း ဖြစ်သည်။ သို့သော် ရှေ့နေနှစ်ယောက်ကတော့ ဆက်လုပ်စရာကိစ္စအချို့ရှိသေး၍ ကျန်ခဲ့ကြပါ၏။

လေဆိပ်သို့ သူတို့ဆင်းကြသည့်အချိန်၌ လုပ်ငန်းစုနှစ်စုစလုံးမှ ကားများက လာကြိုကြသည်။ မီဒီယာအချို့ကလည်း သတင်းရထားကြသည်မို့ လာစောင့်နေကြပါသော်ငြား သူတို့ဘက်မှ ဘော်ဒီဂတ်များက အနှောင့်အယှက်မဖြစ်ခင် အချိန်မီတားလိုက်နိုင်ကြပါ၏။

သို့ဖြစ်ရာ လေဆိပ်မှ အိမ်သို့ပြန်ရာလမ်း၌ ရှောရှောရှူရှူပင် ဖြစ်သွားလေသည်။

မြတ်ဘုန်းခေါင်တစ်ယောက် သူ့ကိုလာကြိုသည့်ကားများ ရှိပါသော်ငြား Luggage တို့ကိုသာပေးလိုက်ပြီး သူကတော့ ချစ်ရသူကိုလာကြိုသောကားနှင့်သာ အတူလိုက်လာခဲ့လိုက်၏။ ထိုသို့လိုက်လာပြီးတော့မှ သူ့မှာ ကားပေါ်တွင် အတွေးများနေရတော့သည်။

‘ဒီတော့ ညကျ ငါက ဘယ်မှာနေရမှာလဲ။ ငါ့အိမ် ငါပြန်နေရမှာလား။ ဒါမှမဟုတ် မောင့်အိမ်မှာပဲ အတူဆက်နေရမှာလား။’

‘မောင့်အိမ်မှာက လတ်တလောတော့ မိသားစုတွေလာနေလောက်မှာ။ ဒီလိုဆိုတော့ ငါ့ဘာသာ အိမ်ခဏပြန်နေတာပဲ ပိုကောင်းလောက်မလား။ မဟုတ်ရင် မျက်နှာပူစရာကြီး။’

‘ပြီးတော့ ငါတို့က ပြန်လက်ထပ်ရသေးတာလည်းမဟုတ်ဘူး။’

‘ဆေးရုံမှာတုန်းက တစ်ခန်းတည်းအတူနေတာ အကြောင်းမရှိပေမဲ့ အိမ်မှာကျတော့ လူကြီးတွေအမြင်မှာ တစ်မျိုးဖြစ်မယ်ထင်တယ်။’

‘ဒါပေမဲ့ ငါမှ မောင်နဲ့ ခွဲမနေချင်တော့တာ။ မောင်ကလည်း ခုထိ ဘာမှမပြောသေးဘူး။ ငါက Luggage ကို ငါ့လူတွေနဲ့ထည့်ပေးလိုက်တာကိုတောင် ဘာလို့ဘာမှမပြောသေးတာလဲ။’

လန်ဒန်သို့မသွားခင်ကတည်းက သူတို့နှစ်ယောက်အတူနေခဲ့ကြသည်ကို နှစ်ဖက်မိသားစုဝင်များအားလုံး သိကြပါသော်ငြား အိမ်ကိုတော့ တစ်ယောက်မှမလာခဲ့ကြဖူး၍ မျက်နှာပူစရာတို့ မဖြစ်ခဲ့ပါချေ။ သို့သော် ယခုတွင်တော့ သူရိန်မင်းထင် နေပြန်မကောင်းခင်အထိ မိသားစုဝင်များက အတူလာနေကြမည့် အနေအထားတွင်ရှိနေသည်မို့ မြတ်ဘုန်းတစ်ယောက် ချစ်ရသူ၏အိမ်မှာပဲ ဆက်နေရမလား၊ သူ့အိမ်ဖြစ်သော ဘေးအိမ်သို့ပဲ ခဏပြန်ပြောင်းနေရမလားဟူ၍ ခေါင်းစားနေခြင်း ဖြစ်၏။

Let's Get Divorced! [Completed]حيث تعيش القصص. اكتشف الآن