Chapter - 9

42K 3.5K 396
                                    

“အဘွား၊ ဒါလေးကို တစ်ဇွန်းလောက်ပဲ သောက်မယ်နော်၊ သောက်ပြီးရင် ပြီးပြီ၊ အဘွား ပြန်ထွေးမထုတ်ရဘူးနော်”

မြတ်ဘုန်းဟာ အဘွားတစ်ယောက်ကို အာဟာရဖျော်ရည်တိုက်ခါနီး ချော့ပြောနေသော မောင့်အားကြည့်ရင်း သဘောကျသည်ထက် ပို၍သဘောကျလာရပါသည့်နှယ်။ မောင်က ရှပ်လက်တိုအဖြူနှင့် အနက်ရောင်ပုဆိုးကိုသာ ရိုးရိုးရှင်းရှင်း ဝတ်ထားပါသော်ငြား မောင့်ထံ၌ လေးစားချင့်စဖွယ် အရှိန်အဝါတို့ ကိန်းအောင်းနေကြသည့်အလား။

အပိုစကားတွေမပြောတတ်သူမို့ မောင့်စကားတိုင်းက နာခံချင်စရာ ကောင်းလှသည်။ သူ့အတွေးပင် မဆုံးလိုက်၊ အိပ်ရာထက်မှ အာဟာရဖျော်ရည်ကို မသောက်ချင်သော အဘွားထံမှ အင်းမကျ၊ အမ်းမကျ အသံတစ်ခု ထွက်ပေါ်လာ၏။ ယင်းမှာ ဖျော်ရည်အား သောက်ဖို့ရန် လက်ခံလိုက်ခြင်းပါပေ။

သို့ဖြစ်ရာ မောင်က အာဟာရဖျော်ရည်ကို တိုက်လိုက်တော့ ရှောရှောရှူရှူပင် ဝင်သွားသည်။

“တော်လိုက်တာ အဘွားက၊ နောက်ဆိုလည်း ဒီကဝန်ထမ်းတွေ တိုက်ရင် ခုလိုပဲ ခဏလောက်သည်းခံပြီး သောက်လိုက်နော်၊ အဘွားအတွက် ဒီအာဟာရဖျော်ရည်က အရမ်းအရေးကြီးတယ်၊ မဟုတ်ရင် အဘွားမလုပ်ချင်တဲ့ နှာခေါင်းပိုက်သွင်းတာကို လုပ်ရမှာ၊ အဘွား အဲ့ဒါကို လုံးဝမလုပ်ချင်ဘူးမလား”

“အမ်း.. နား လည်တယ်”

အဘွားဟာ အသက် ၉၀ နားပင် ကပ်နေပြီဖြစ်ပြီး သက်ကြီးရောဂါများဖြင့် အိပ်ရာထက် လဲနေသည်မှာ ၆ လလောက် ရှိပြီပင်။ အသံကလည်း သိပ်မထွက်တော့သည်ဖြစ်ရာ ပြန်ပြောသည့်စကားကို နားလည်အောင် မနည်းနားစိုက်ထောင်ရ၏။

မြတ်ဘုန်းတစ်ယောက် ထိုသို့ နားစိုက်ထောင်နေစဉ်မှာပင် မောင်က ပြုံးလိုက်ပြီး အဘွားကို နှုတ်ဆက်စကားဆိုလိုက်သည်။ ထို့နောက် သူ့ကို ခေါင်းညိတ်ပြလာသည်မို့ နောက်တစ်ယောက်ဆီ သွားတော့မည်ဖြစ်ကြောင်း အလိုအလျောက် နားလည်လိုက်ရ၏။

သည်နေ့တွင်တော့ မြတ်ဘုန်းခေါင် တော်တော်လေး စိတ်ချမ်းသာနေသည်။ ပီတာလည်း ဘိုးဘွားရိပ်သာတွင် ရှိနေသော်ငြား ယခုအချိန်ထိ စိတ်အနှောင့်အယှက် မဖြစ်ရပါသေးချေ။ ပီတာ့လက်က နောက်လတွင်မှ ကျောက်ပတ်တီးဖြည်ရမည်ဖြစ်၏။ သို့ဖြစ်ရာ ပီတာက ဘိုးဘွားရိပ်သာသို့ လိုက်လာပြီးနောက် အသံသွင်းသည့်အခန်းတွင် အသံသွားလှူနေသည်။

Let's Get Divorced! [Completed]Where stories live. Discover now