Chapter - 43 (Unicode)

19.7K 1.2K 189
                                    

ဧပြီလ ၈ ရက်နေ့၏ နံနက်အစောပိုင်း၌ သူရိန်မင်းထင်ဟာ အိပ်မက်ဆိုးများကြောင့် လန့်နိုးလာလေသည်။ သို့ဖြစ်ရာ နိုးနိုးချင်းတွင် သူ၏အသက်ရှူနှုန်းတို့က သိသိသာသာမြန်နေလျက်ရှိ၏။

ရင်ထဲ၌ ဆို့နင့်နေသော ခံစားချက်များကြောင့် အသက်ရှူပင်မဝသလို ခံစားနေရသည်မို့ သူဟာ မျက်လုံးတို့အား ဖွင့်လိုက်မိသည်။ အိပ်ခန်းအတွင်း ဝါကျင့်ကျင့်မီးရောင်မှိန်မှိန်က လွှမ်းမိုးနေသည်ဖြစ်ရာ မြင်ကွင်းတို့က ဝိုးတိုးဝါးတား။

ထို့နောက် ဘယ်ဘက်လက်မောင်းထက်မှ လေးလံမှုလေးကို သတိပြုမိလိုက်တော့ ရင်ထဲမှမီးတို့က ဟုတ်ခနဲငြိမ်းသွားကြ၏။ ထိုအခါမှ သူလည်း သက်ပြင်းဖွဖွချလိုက်မိပြီး စိတ်အစဉ်ကလည်း သိသိသာသာအေးသွားပါသလို။

အချိန်အားဖြင့် ဘယ်နှစ်နာရီရှိနေပြီမှန်း သူမသိပါသော်ငြား လက်ရှိတွင်တော့ နာရီကြည့်ချင်စိတ်မရှိသေး။ သို့ပေသည့် ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသူကြောင့် အတော်လေးတော့စောဦးမည်ဟု သူခန့်မှန်းလိုက်မိသည်။

အရင်းနှီးဆုံး နွေးထွေးမှုလေးနှင့် ကိုယ်သင်းရနံ့လေး။

သင်းပျံ့ပျံ့ရနံ့လေးကို အနီးကပ်ရနေပါသည့်တိုင် စိတ်ထဲ၌ မလုံလောက်သလို ခံစားနေရသည်မို့ သူဟာ ဦးခေါင်းကို အနည်းငယ်ငုံ့လိုက်ပြီး အိပ်ပျော်နေသူ၏ဦးခေါင်းထိပ်လေးထက် အသာထိတွေ့ကာ ခပ်ဖွဖွနမ်းရှိုက်လိုက်၏။ သို့သော် နှစ်နှစ်ခြိုက်အိပ်ပျော်နေသူ နိုးသွားမည်စိုး၍ ခန္ဓာကိုယ်ကိုတော့ အနည်းငယ်မျှပင် မလှုပ်ဖြစ်။

လက်ရှိအနေအထားအရ တစ်ဖက်လူဟာ သူ့ဘယ်ဘက်လက်မောင်းထက် ခေါင်းအုံးလျက် သူ့ရင်ခွင်ထဲ၌ ငြိမ်ငြိမ်လေးအိပ်နေခြင်းဖြစ်သည်။ သူ၏ညာဘက်လက်ကတော့ ထိုလူသားလေး၏ခါးထက်၌ ရှိနေလေ၏။

အဆိုပါအနေအထားနှင့်ရှိနေကြပါသည့်တိုင် သူရိန်မင်းထင်၏စိတ်ထဲ၌ ပို၍နီးစပ်ဖို့ လိုအပ်နေသေးသလို ခံစားနေရသည်။ သို့သော် သူက ချစ်ရသူအိပ်ရေးပျက်သွားမည်စိုးသောကြောင့် ဆန္ဒတို့ကိုထိန်းထားရင်း ငြိမ်ငြိမ်သက်သက်သာ ဆက်နေလိုက်၏။

Let's Get Divorced! [Completed]Where stories live. Discover now