"သားလေးရောက်ပြီလား"
"ဟုတ်ကြီးကြီး သားစာကြည့်ခန်းကပဲ စောင့်နေလိုက်မယ်နော်"
တနေကုန်ကျုပ်မအားတဲ့အတွက် ညနေလေးနာရီမှလာခဲ့လို့ ဆိုသောအမိန့်ကြောင့် ညနေပိုင်းရောက်လာခြင်း။ အခန်းတံခါးဖွင့်၍ မြင်လိုက်ရသောသူကြောင့် ကိုယ့်မျက်လုံးကိုယ်မယုံနိုင်။
"ဘာလုပ်နေတာလဲ ဝင်လာလေ"
"မင်း မင်း"
"ဘာမင်းလဲ သေမင်းလား။ ပြူးကြောင်ကြောင်နဲ့"
"ဇီးကွက်ကြီးအစာနင်နေသလို ကလယ်ကလယ်လုပ်မနေနဲ့ ဝင်မလာလည်းလစ်တော့"
ပြောလိုက်တာများ သူ့ညီသူ့သားကျနေရောပဲ။ အရင်ကိုယ်ကစောင့်နေရတာချည်း။ သူအရင်ရောက်လို့ အံ့သြနေရုံကို။
"မင်းကစာလုပ်ဖို့စောင့်နေတာလား"
"ခင်ဗျားကိုလုပ်ဖို့စောင့်နေတာ"
"အကြီးကိုပြောရင် ကောင်းကောင်းပြော"
"ကောင်းကောင်းက ခင်ဗျားလင်လား"
"မင်း မင်းတော့ကွာ။ ထားလိုက်တော့ စာသင်မယ်"
"မလုပ်ချင်ဘူး"
"ဘာကြီး"
ဒီကောင် ဘာလဲဟ စိတ်ရှိတိုင်းသာဆို ခေါင်းတွေခေါက်ပြီး ပါးတွေချည်းဆွဲလိမ်လို့ ရူးနေလားလို့မေးလိုက်ချင်တယ်။ ဒီလိုလူမျိုးတွေလောကမှာရှိပေမဲ့ သူနဲ့လာဆုံတာကိုက ငါကံဆိုးတာ။
"ဟား မာန်ရိပ်ရာ ငါကစာသင်ဖို့လာတာလေ မင်းကစာမလုပ်ချင်ဘူးဆိုတော့ ငါကဘာလုပ်ရမှာလဲ"
"ထိုင်နေ"
"ဘာ"
"နားပါ လေးနေတာလား။ ပြန်မမေးနဲ့ သိပ်သင်ချင်နေရင် နောက်မှသင်။ အခုအဲ့တိုင်းထိုင်နေ လုံးဝမလှုပ်နဲ့ ok"
ဆုတောင်းခွင့်သာရှိရင် ဒီကလေးကို စိတ်ရှိတိုင်း ထုရိုက်လို့ရတဲ့သူသာ ဖြစ်လိုက်ချင်တယ်။ အခုကတော့ လက်နဲ့ရွယ်လိုက်တာနဲ့ ကိုယ့်အသက်ပျောက်ရမယ့်ကိန်း။
"မင်းတွေးပါအုံးလား။ အခုပဲငါးနာရီကျော်နေပြီ။ ဘယ်ချိန်သင်လို့ ငါဘယ်ချိန်ပြန်ရမလဲ"