"ဟင် စစ်လေး"
"ဗျာ ကိုကို"
"ဒီကို ဘယ်လိုလုပ်"
"လာကြိုတာလေ ပြန်ရအောင်"
တက်နိုင်သူကြီးက ဘယ်ချိန်တည်းက စောင့်နေလဲမသိ။ အလုပ်ဆင်းချိန်လည်း ပြောမပြမိဘဲနေရာလည်းဘယ်လိုသိတာလဲ။
"စစ်လေး လွှတ်လေကွာ လူတွေနဲ့ကို"
"ကိုကိုကလည်း လက်ကောက်ဝတ်လေးဆွဲထားတာလေးကို။ မတော်မတရားလုပ်နေတာလည်းမဟုတ်ဘဲနဲ့"
နောက်ပိုင်း ဒီကလေးလိုတာထက်ပိုပြီးအသားယူလာတယ်။ ကိုကိုပဲ ခံစားချက်တွေအဖြေရှာကြမယ်ဆိုလို့သူ့ကိုယ်သူစမ်းသပ်နေတာတဲ့။ ကိုယ့်စကားနဲ့ကိုအခုတော့အနေခက်နေပြီ။
မှတ်တိုင်ဆီ လက်ကိုဆွဲလို့ အတူလျှောက်ကာပြန်နေရတယ်။ ကိုယ့်အိတ်ကိုလည်း ယူလွယ်ပြီး တစ်ဖက်ကလည်း ထမင်းချိုင့်အိတ်ကိုင်ထားလို့ မသိရင်သူ့ကလေးကျောင်းကြိုလာတာကျနေရော။
"ကိုကိုတို့အလုပ်ကလည်း ဆင်းတာတအားနောက်ကျလိုက်တာ"
"အချိန်ကပုံမှန်ပါပဲ။ အလုပ်သမားတစ်ယောက် အလုပ်ချိန်တိုင်းပဲကို"
"ဘာဖြစ်ဖြစ်ဗျာ။ ဒီချိန်ထိအလုပ်ဝင်ရတော့ ကိုကိုပင်ပန်းတာပေါ့။ ကျွန်တော်တို့လည်း သိပ်မတွေ့ရတော့ဘူး။"
"နောက်ကျ ကျွန်တော်အလုပ်ဝင်မှဘဲ ကိကို့(ကို) ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ချွေးတစ်စက်မကျစေရအောင်ထားတော့မယ်"
"စစ်လေး"
"ချစ်လို့ပါဆိုကိုကိုရယ်။ ကျွန်တော်ချစ်လို့"
ပလီပလာတွေလည်း ထမင်းစားရေသောက်ပြောလာပြီး လေသံမာမာအော်လိုက်ရင် ချစ်လို့ဆိုပြီး အမြဲနှုတ်ပိတ်ခံရသေးတယ်။
ဘာလိုလိုနဲ့ အလုပ်ဝင်တာတောင် တစ်လကျော်သွားပြီ။ အငယ်မလေးလည်း ကျောင်းပိတ်တော့မယ်။ အဖွားကတော့ ဇရာအတော်ထောင်းနေပြီမို့ ကျန်းမာရေးလေးက နောက်ပိုင်းသိပ်မကောင်းချင်ဘူး။
စစ်လေးကတော့ နဂိုတိုင်းပဲ။ ပိုတောင်ဆိုးလာသေးတယ်။ အိမ်ကိုချောင်းပေါက်မတတ်လာတတ်နေပြီ။